မန္တလေးက စီးပွားရေးလုပ်ငန်းရှင် အများအပြားထံ PDF နာမည်နဲ့ စာပို့ခြိမ်းခြောက် ငွေညှစ်နေ

လုပ်ငန်းရှင်တွေရဲ့ ဖုန်းနံပတ်စာရင်း ရထားသူတွေက PDF နာမည်သုံးပြီး ငွေညှစ်တာ ဖြစ်နိုင်ဟုဆို

မန္တလေးမြို့က စီးပွားရေး လုပ်ငန်းရှင်နဲ့ စီးပွားရေး အသင်းအဖွဲ့ဝင် အများအပြားထံ မန္တလေးခရိုင် ကွပ်ကဲရေးရုံး ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF အမည်နဲ့ Viber ကတဆင့် စာပို့ပြီး ခြိမ်းခြောက်ငွေညှစ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ လုပ်ငန်းရှင်တချို့ကပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်း ကတည်းက မန္တလေးမြို့က ဆောက်လုပ်ရေး၊ စီးပွားရေး၊ ကုန်သည်၊ စျေးဆိုင် စတဲ့ လုပ်ငန်းရှင်တွေဆီ အဲ့ဒီ ခြိမ်းခြောက်စာတွေ ပေးပို့ ခံနေရတာလို့ ဆိုပါတယ်။

Viber ကတဆင့် ပေးပို့တဲ့ စာတွေမှာ ဆက်ကြေးငွေ ကျပ် ၁၀ သိန်း ပေးဖို့နဲ့ ငွေမပေးဘဲ သတင်းဖွတာ၊ စစ်အုပ်စုကို အကြောင်းကြားတာတွေ လုပ်ပါက အသက်ဘေးကြုံရမယ်လို့ ခြိမ်းခြောက်ထားတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

“လိုင်းပေါ်ကနေ လာပို့တော့ ရုတ်တရက် အံ့ဩသွားတယ်။ တခြားဆိုင်တွေလည်း ခုလို စာပို့ခံရတယ်။ တချို့ကို ပြကြည့်တော့ ဒီစာ အတုကြီးလို့တော့ ပြောတယ်။ သူများတွေ ငွေလွှဲ၊မလွှဲတော့ မသိဘူး၊ ကျတော်ကတော့ လာပို့ကတည်းက ဒီတိုင်းပဲ ထားလိုက်တယ်၊ ငွေလည်း မလွှဲပါဘူး” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

လုပ်ငန်းရှင်တွေ၊ စီးပွားရေး အသင်းအဖွဲ့တွေရဲ့ ဖုန်းနံပတ်တွေ ရရှိထားသူတစ်စုက အဲ့ဒီ နံပတ်တွေကတဆင့် ခြိမ်းခြောက်စာ ပို့တာ ဖြစ်နိုင်ပြီး ငွေညှစ်ဖို့ ဖြစ်နိုင်သလို PDF တွေကို နာမည် ဖျက်ချင်တာလည်း ဖြစ်နိုင်တယ်လို့ တချို့က သုံးသပ်ပါတယ်။

PDF နာမည်နဲ့ ပေးပို့တဲ့ ခြိမ်းခြောက်စာတွေမှာ လျှို့ဝှက်ပစ်စာ ဖြစ်တဲ့အတွက် တစ်စုံတစ်ဦးကိုမှ မေးမြန်းခြင်း၊ စုံစမ်းသတင်းပေး ဖြန့်ဝေခြင်း မပြုလုပ်ဖို့ တားမြစ်ထားပြီး ငွေကို digital payment (အွန်လိုင်းငွေပေးစနစ်) ဒါမှမဟုတ် လူကိုယ်တိုင် ပေးဆောင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ စာပို့တာကို ချက်ခြင်း အကြောင်းမပြန်၊ block လုပ်ရင် စီးပွါးရေး လုပ်ခွင့် ပိတ်ပ်ငမှာ ဖြစ်သလို အိမ်ထောင်ဦးစီးကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ထားပြီး သတင်းမဖွဖို့၊ စစ်အုပ်စုကို အကြောင်းကြားပြီး မထီမဲ့မြင် လုပ်တာ၊ သတိပေးထားတဲ့ အချက်တွေကို မလိုက်နာရင် အသက်ဘေးအန္တာရာယ် ကြုံရမယ်လို့လည်း ခြိမ်းခြောက် ထားပါတယ်။ ဒါ့အပြင် ဆန္ဒမပါဘဲ ပေးရတဲ့ ဆက်ကြေး ဖြစ်တာကြောင့် ပကဖနဲ့ pdf ကို ထောက်ပံ့သည်လို့ မသက်ရောက်စေရန် အာမခံကြောင်း ကိုလည်း ရေးသားထားကာ ဖုန်းနံပတ်တချို့ကိုလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။

အဲ့ဒီ ဆက်ကြေးတောင်းခံစာမှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ကြည့်ရာမှာ ဆက်သွယ်လို့ မရသလို Kpay မှာလည်း အဲ့ဒီနံပါတ်တွေကို register (မှတ်ပုံတင်) လုပ်ထားတာ မတွေ့ရဘူးလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းစ ၂၀၂၁နဲ့ ၂၀၂၂ အတွင်းက စစ်အုပ်စုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ ရုံးတွေကို စီးနင်းကာ ပါတီရုံးတွေကနေ သိမ်းဆည်းရရှိလာတဲ့ စာရင်းဇယားတွေကတဆင့် NLD ကို ထောက်ခံတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို စစ်အုပ်စုက ခြိမ်းခြောက် ငွေညှစ်တာတွေ လုပ်ခဲ့ပါသေးတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *