ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတဝှမ်း မိုးကြီး၍ ရေကြီးရေလျှံ၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်

ရန်ကုန်၊ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင် ယနေ့မှစ၍ အောက်တိုဘာလ ၅ ရက်အထိ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့နှင့်အတူ လျှပ်တပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်သတိပြု‌ရှောင်ရှားရန် စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

အနောက်ဘက်မှ ရွေ့လျားလာသော လေပြေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းမှ ရွေ့လျားသော လေအေးတို့ တွေ့ဆုံမှုကြောင့် စက် တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာ ၅ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာပြီး တချို့ နေရာများ၌ မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြထားသည်။

သတိထားရမည့် တိုင်းနှင့်ပြည်နယ်များမှာ နေပြည်တော်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ ကရင်နီ (ကယား)၊ ကရင်နှင့် မွန်ပြည်နယ်တို့ဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသများတွင် နေထိုင်သူများမှာ မြေပြိုမှုအန္တရာယ်ရှိနိုင်သလို မြစ်၊ ချောင်းများအနီးနေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုများ သတိပြုရန်လည်း ဖော်ပြထားသည်။

ထို့ပြင် မြစ်ရေမြင့်တက်မှုအနေဖြင့်လည်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့တွင် ၂ ပေမှ ၅ ပေခန့်နှင့် မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့၌ ၁ ပေမှ ၁ ပေခွဲခန့်အထိမြင့်တက်လာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ဆက်လက်၍ ချင်းတွင်းမြစ်၊ ကသာမြစ်၊ ဒုဋ္ဌဝတီမြစ်၊ စစ်တောင်းမြစ်၊ ပဲခူးမြစ်၊ ရွှေကျင်မြစ်၊ သံလွင်မြစ်၊ သောင်းရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်နှင့် ဘီးလင်းမြစ်တို့သည်လည်း မြင့်တက်လာနိုင်ကြောင်း ဖော်ပြထားသည်။

ပုံစာ- စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် တာချီလိတ်၌ ရှင်းလင်းရေးများ လုပ်ဆောင်နေစဉ်/ရှမ်းအရှေ့သတင်းမဏ္ဍိုင်


Comments

Leave a Reply

Your email address will not be published. Required fields are marked *