ပွင့်ဖြူမှာ သန်းခေါင်စာရင်း မကောက်ပေးနိုင်ဘူးလို့ ဆရာ/ဆရာမတွေ ငြင်းဆို

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမှုမှာ ကူညီဖို့ ကျေးရွာအုပ်စုနှစ်ခုက သင်တန်းပေးထားသူ ကျောင်းဆရာ/ဆရာမတွေဟာ မကောက်ပေးနိုင်ဘူးဆိုပြီး ငြင်းဆိုမှုတွေရှိခဲ့တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

“သင်တန်းတက်ထားတဲ့ ဆရာ/ဆရာမတွေ သန်ခေါင်စာရင်းစာအုပ်တွေထားခဲ့ပြီးတော့ မကောက်ပေးနိုင်ဘူးဆိုပြီးပြန်လာကြတာ။ ခုနစ်ယောက်ထက်လည်း ပိုများနိုင်တယ်။ ဒါက ကျွန်တော်တို့နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကပဲ သိရသေးတာ” လို့ ဒီအကြောင်းသိထားတဲ့ အသက် ၃၀ အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပွင့်ဖြူမြို့နယ်အတွင်း ဒီကနေ့ အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး ၃ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့မှာတော့ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါ၀င်ဆောင်ရွက်ဖို့သင်တန်းတက်ထားသူ ကျေးရွာအုပ်စုနှစ်စုက ဆရာ/ဆရာမ ခုနစ်ဦးထက်မနည်းက မကောက်ပေးနိုင်တော့ကြောင်း ငြင်းဆိုခဲ့တာဖြစ်တယ်လို့ အထက်ပါဒေသခံမျိုးသားက ဆက်လက်ပြောဆိုပါတယ်။

ပွင့်ဖြူမြို့နယ်ကရှိ စစ်ကောင်စီလက်အောက်ခဲ့ ဌာနဆိုင်ရာရုံးပေါင်းစုံမှ ၀န်ထမ်းတွေကို စက်တင်ဘာလ ၂၄ ရက်ကနေ ၂၇ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူရာမှာ ပါ၀င်ဆောင်ရွက်ဖို့ သင်တန်းပေးပို့ချခဲ့တယ်လို့ သိရပါတယ်။

သန်းခေါင်စာရင်းကောက်ယူရာမှာ မေးခွန်း ၆၀ ခန့်ပါ၀င်ပြီး ပျူစောထီးအဖွဲ့ဝင်တွေကလည်း ပါ၀င်ဆောင်ရွက်မယ့်လို့ကြားသိရကြောင်း ဒေသခံတွေက ပြောပါတယ်။

ပွင့်ဖြူမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူသူတွေကို ပြင်းထန်စွာအရေးယူမယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က စက်တင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် တားမြစ်သတိပေးချက်ကို ချိုးဖောက်သူတွေကို ပြည်သူတွေအနေနဲ့ မှတ်သားသတင်းပေးပို့ကြဖို့ ပွင့်ဖြူမြို့နယ် ပကဖ သတင်းနဲ့ပြန်ကြားရေးတာ၀န်ရှိသူက တိုက်တွန်းထားပါတယ်။

“ပြည်သူတွေရဲ့အခက်ခဲကို နားလည်ပါတယ်ခင်ဗျ။ ဒါကြောင့် သန်းခေါင်စာရင်းကောက်တာကို တက်ကြွစွာပါဝင်မယ့်သူတွေကလည်း ပြည်သူတွေအပေါ်ငဲ့ကြည့်ပြီး မပါဝင်ကြဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျ။ ဒါက ပြည်သူ့ဆန္ဒလုံးဝမပါတဲ့ စစ်ကောင်စီသက်ဆိုးရှည်မယ့် ထွက်ပေါက်တစ်ခုသာဖြစ်ပါတယ်ဆိုတာ နားလည်စေချင်ပါတယ်ခင်ဗျ” လို့ ၎င်းက ပြောပါတယ်။

အဲဒီလိုပဲ မကွေးတိုင်း ၊ မင်းတုန်းမြို့နယ်အတွင်းရှိ Non-CDM တွေအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ပါဝင်နေသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလို သတ်မှတ်ပြီး တန်းတူပစ်မှတ်ထားအရေးယူမယ်လို့ အဲဒီမြို့နယ်ပကဖက စက်တင်ဘာလ ၂၅ ရက်နေ့မှာ သတိပေးထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *