ဘုတလင် တိုက်ပွဲမှာ သေတဲ့ စစ်အုပ်စု အလောင်း ၃၀ ကျော်ကို ပကဖ က ကောက်ယူ မြေမြှုပ်ပေး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဘုတလင်မြို့နယ်မှာ ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သေဆုံးတဲ့ စစ်အုပ်စု အလောင်း ၃၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲဘော်တွေက လိုက်လံ ကောက်ယူကာ မြေမြှုပ်ပေးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာလ ၃၀ ရက်က ဘုတလင်မြို့နယ်၊ စီပါရွာ အနီးမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားပြီး စစ်အုပ်စု အလောင်း ၃၀ ကျော်၊ ဖမ်းမိသူ ၄၂ဦးနဲ့ လက်နက် ၅၀ ကျော် သိမ်းဆည်း ရရှိတယ်လို့ မြေပြင် တိုက်ပွဲဝင် တော်လှန်ရေးတပ်တွေက ထုတ်ပြန်ပါတယ်။

“ဘုတလင် တိုက်ပွဲမှာ စစ်ရှုံးကောင်စီဘက်က သေဆုံးသွားတဲ့ မင်းအောင်းလှိုင်နောက်လိုက် ခွေး အကောင်ရေ ၃၆ကောင်အား လူသားဆန်စွာ မြို့နယ် ပကဖနှင့် လူသားစာနာ ပူးပေါင်းပြီး မြေမြုပ်သဂြိုလ်ပေးခဲ့ပါတယ်” လို့ ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

မုံရွာမြို့ အခြေစိုက် စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ နဲ့ မိုင် ၂၀ ကျော်အကွာ၊ ဘုတလင်မြို့နယ် စီပါရွာအနီးမှာ အင်အား ၈၀ခန့်ပါ စစ်အုပ်စုကို ဒေသခံ တော်လှန်ရေးတပ်တွေ ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့တာပါ။ စက်တင်ဘာလ ၃၀ရက်က မွန်းတည့် ၁၂နာရီကျော်ကနေ ညနေ ၅နာရီကျော်အထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲ၊ ပစ်ကူတဲ့ကြား တော်လှန်ရေး တပ်တွေက စစ်အုပ်စု စစ်ကြောင်း ပျက်သည်အထိ တိုက်ခိုက် ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ စက်တင်ဘာလ ၂၀ရက်က ကူတော်ရွာရဲစခန်း တိုက်ပွဲ ဖြစ်ပွားချိန် ဘုတလင်မြို့ကနေ စစ်ကူသွားရောက်တဲ့ စစ်အုပ်စု ဖြစ်ပြီး ကူတော်ရွာကနေ ဘုတလင်ဘက် အပြန်မှာ တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီ ဘုတလင်နယ် တိုက်ပွဲမှာ အညာတော်လှန်ရေးတပ်တွေ ဖြစ်တဲ့ Budalin Mobile Team-BMT ၊ မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်း၊ ULF ယင်းမာပင် တပ်ပေါင်းစု စစ်ကြောင်း၊ ဘုတလင်မြို့နယ် ပကဖ၊ SAF‌ (ကျောင်းသားတပ်)၊ FRF ၊ မုံရွာခရိုင် ဗျူဟာ ‌‌‌‌‌၆၆ (တပ်ရင်း ၁၉၊၂၁၊၂၆)၊ ‌‌PLA (ကွန်မြူနစ်တပ်)၊ BLDF၊ 96 Soldiers၊ ရွှေဘိုခရိုင် တပ်ရင်း(၉၊၁၂)၊ ရေဦး၊ Depeyin Local Mobile Team (DLMT)၊ ဘုတလင်မြို့နယ် ပလဖ၊ KUGF(ခင်ဦး)၊ ပြည်သူ့လူမိုက် လိုကယ်လ်အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(၈)၊ Golden Brothers Local၊ အရာတော်နှင့် မိတ္ထီလာ ဒရုန်း အဖွဲ့များ၊ ရွှေဘို ပကဖ ဒရုန်းအဖွဲ့၊ UHF ဒရုန်းအဖွဲ့များ၊ SSTF ဒရုန်းအဖွဲ့၊ ချင်းတွင်း ဘရားသား ဒရုန်းအဖွဲ့နဲ့ တခြားမဟာမိတ်အဖွဲ့တွေ ပေါင်းစည်း တိုက်ခိုက်ခဲ့တာလို့ BMT က ထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာပဲ အဲ့ဒီ တိုက်ပွဲဖြစ်ပွားရာ နေရာမှာ စစ်အုပ်စုက ဓားစာခံ လူသားဒိုင်း အဖြစ် ဖမ်းခေါ်သွားတဲ့ ဘုတလင်နယ် ကျုံးရွာက ပြည်သူတစ်ဦးရဲ့ ရုပ်အလောင်းလည်း တွေ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကူတော်ရွာ ရဲစခန်းကနေ ဘုတလင်မြို့ဘက် ပြန်လာတဲ့ စစ်အုပ်စုဟာ တိုက်ပွဲမဖြစ်မီအချိန် ကျုံးရွာကို စီးနင်းပြီး ဒေသခံပြည်သူ နှစ်ဦးကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ အဲ့ဒီ ပြည်သူနှစ်ဦးထဲက တစ်ဦးရဲ့ အလောင်းကို တိုက်ပွဲဖြစ်ရာ နေရာမှာ တွေ့ရပြီး ကျန်တစ်ဦးကတော့ ပျောက်ဆုံးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်ကပြောပါတယ်။

“ကျုံးရွာက ဖမ်းခံရတာက မြင့်လှိုင်နဲ့ မျောက်ကြီး၊ တိုက်ပွဲမှာ စစ်သားအလောင်းတွေနဲ့အတူ တွေ့ရတာက မြင့်လှိုင်တဲ့၊ အသက်က ၃၀ ၀န်းကျင် လောက်ပဲ ရှိသေးတယ်။ မျောက်ကြီးကတော့ ပျောက်နေတုန်း”

အညာတော်လှန်ရေးတပ်တွေက စစ်ကြောင်းတစ်ခုလုံး တိုက်ခိုက်ချေမှုန်းလိုက်တဲ့ စစ်အုပ်စုဟာ ကူတော်ရွာ ရဲစခန်းကို စစ်ကူသွားရောက်ချိန် လမ်းတလျှောက် လူသတ်၊ မီးရှို့ရုံမက ဘုရားငွေတွေကိုပါ ဖောက်ထွင်း ခိုးယူခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဘုတလင်နယ် တိုက်ပွဲမှာ သေတဲ့ စစ်အုပ်စု အလောင်းတွေကို မြို့နယ် ပကဖ နဲ့ လူသားစာနာအဖွဲ့က ကောက်ယူကာ မြေမြှုပ် သင်္ဂြိုဟ်ပေးနေစဉ်/Photo – ပေးပို့


Comments

Leave a Reply

Your email address will not be published. Required fields are marked *