သမိုင်းဝင် ကွမ်ရင် တရုတ်ဘုံကျောင်းနှင့် လူနေအိမ်တချို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ကျဲချ

လားရှိုးမြို့ပေါ်ရှိ သမိုင်းဝင် ကွမ်ရင် တရုတ်ဘုံကျောင်းနှင့် လူနေအိမ်တချို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ကျဲချမှုကြောင့် ပျက်စီးမှု အလွန်များပြားပြီး ပြည်သူ ၁ ဦးထိခိုက်

တရုတ်ဘုံကျောင်းတွင် MNDAA များ စုဝေးနေသည်ဟု စစ်တပ်လော်ဘီတချို့က လူမှုကွန်ရက်တွင် သတင်းဖော်ပြပြီးနောက် စစ်တပ်က ယင်းသို့ ဗုံးကျဲခဲ့ခြင်းဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ သမိုင်းဝင် ကွမ်ရင် တရုတ်ဘုံ ကျောင်း နှင့် လူနေအိမ်တချို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ကျဲချမှုကြောင့် ဘုံကျောင်းနှင့်လူနေအိမ်များ ပျက်စီးမှု အလွန်များပြားကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။

ယနေ့ နံနက်ပိုင်း စစ်ကောင်စီက နံနက် ၂ နာရီ ၁၃ မိနစ်အချိန်မှစတင်ပြီး နံနက် ၅ နာရီ ၂၀ မိနစ်အချိန်အထိ လားရှိုးမြို့ပေါ်သို့ လေယာဉ်များဖြင့် ဗုံးကျဲခဲ့ကြောင်း၊ ရပ်ကွက် ၈ ရှိ ၁၂၁ အနောက်တိုက်ကိုု ၂ ကြိမ်နှင့် ရပ်ကွက် ၅ ရှိ သမိုင်းဝင် တရုတ်ဘုံကျောင်းကို ၂ ကြိမ် ဗုံးများ ကျဲချခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် တရုတ်ဘုံကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးပြီး ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုမှာ အောက်တိုဘာလ ၃ ရက်နေ့ ဖေ့ဘုတ်စ် လူမှုကွန်ရက်တွင် MNDAA များ တရုတ် ဘုံကျောင်းနှင့် ရေကန်တောင်ဘက်တွင် စုဝေးနေသည်ဟု ပို့စ်များကို စစ်တပ်လော်ဘီနှင့်စစ်တပ်ထောက်ခံသူများ ဖေ့ဘုတ်စ် Group အတွက် ဖော်ပြပြီးနောက် အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က လေယာဉ်ဖြင့် တရုတ်ဘုံကျောင်းကို ဗုံးများ ကျဲခြင်းဖြစ်ကြောင်း သိရှိရသည်။

MNDAA ၏ ထုတ်ပြန်ချက်တွင်မူ အောက်တိုဘာ ၄ ရက် နံနက်အစောပိုင်း နံ နက် ၂ နာရီ ၁၃ မိနစ်အချိန် နံနက် ၅ နာရီ ၂၀ မိနစ် အချိန်အထိ ၃ နာရီအတွင်း
လေယာဉ်ဖြင့် ဗုံးကျဲမှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ လေကြောင်း ဗုံးကြဲမှု နှစ်ကြိမ် မှာ ရပ်ကွက် ၅ ရှိ ကွမ်ရင် ဘုရားကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်း အဆောက်အဦများ အများအပြား ပျက်စီးခဲ့ကြောင်း၊ ကျန် လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်သည် ရပ်ကွက် ၈ ရှိ အဆောက်အအုံကိုပစ် မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ် သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုများ ရပ်နားခဲ့ပြီး အောက်တိုဘာလ ၄ ရက်နေ့တွင် လေယာဉ်များဖြင့် ဗုံးကျဲမှုများ ပြန်လည် စတင်ခြင်းဖြစ်ကြောင်းသိရှိရသည်။

စစ်ကောင်စီက ဇူလိုင်လမှ စက်တင်ဘာလကုန်အထိ MNDAA သိမ်းပိုက်ထားသော ရှမ်းပြည်နယ် အထူးဒေသ ၁ တွင် စစ်ဆင်ရေး နယ်မြေမဟုတ်သော နယ် မြေများတွင် အနည်းဆုံး လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား အနည်းဆုံး ၃၁ ဦးထက်မနည်း သေဆုံးပြီး ၉၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက ဇူလိုင်လအတွင်း လားရှိုးစစ်ပွဲတွင် မကြာခဏရှုံးနိမ့်မှုများကြောင့် လက်တုံ့ပြန်သည့်အနေဖြင့် လေကြောင်း ဗုံးကျဲတိုက်ခိုက်ခံရသည့် ဧရိယာများတွင် မြို့တော် လောက်ကိုင်မြို့၊ သိန္နီခရိုင်နှင့် အခြားနယ်မြေများ ပါဝင်ကြောင်း၊ စစ်ကောင်စီက MNDAA ၏ အထူးဒေသ ၁ ရှိ စစ်ဆင်ရေး နယ်မြေ မဟုတ်သောဒေသများသို့ ဗုံးကြဲတိုက်ခိုက်ရေးလေယာဉ်များကို ဆက်တိုက် စေလွှတ်ခဲ့ကြောင်း MNDAA က တရားဝင် ထုတ်ပြန်ပြောဆိုထားသည်။

စက်တင်ဘာလ ၃၀ ရက်နေ့အထိ တိုက်ပွဲများမရှိခဲ့ဘဲ မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က လားရှိုးမြို့အပါ အဝင် အထူးဒေသ ၁ တွင် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး လေကြောင်းမှ ဗုံးအလုံး ၁၀၀ ကျော် ကြဲချခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်တွင် အရပ် သားသေဆုံးမှုဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ လူ ၃၁ ဦး သေဆုံးကာ ၉၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ မရေမတွက်နိုင်သော အများပိုင်အဆောက် အအုံများဖြစ်သည့် နေအိမ်များ၊ ဟိုတယ်များနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ပြီး ပြည်သူများ၏ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးမှုသည် တိုင်းတာ၍ မရနိုင်ကြောင်း MNDAA က ထုတ်ပြန်သည်။

ဓာတ်ပုံ- စစ်တပ်လော်ဘီများက လူမှုကွန်ရက်တွင် တင်ထားသော ပို့စ်နှင့် စစ်တပ်၏ ဗုံးကျဲမှုကြောင့် ယနေ့နံနက် ပျက်စီးသွားသော တရုတ်ဘုံကျောင်းနှင့်အပျက်အစီးများ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *