ထန်တလန်မြို့သိမ်းတိုက်ပွဲအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဆယ်နီးပါး သေဆုံး

ချင်းပြည်နယ် ထန်တလန်မြို့သိမ်းတိုက်ပွဲအတွင်း ချင်းပြည်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ထန်တလန် စစ်ဦးစီးချုပ်အပါအဝင် သေဆုံးသူ နှစ်ဆယ်နီးပါးရှိပြီလို့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ချင်းအမျိုးသားတပ်မတော် (CNA) အရာရှိတစ်ဦးကပြောပါတယ်။

ဟားခါးမြို့နယ်နဲ့ ထန်တလန်ကြား ဒီနေ့(အောက်တိုဘာ ၁၆ ရက်) အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး Tilim Operation 4 စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ အချိန်ကနေ လက်ရှိအချိန်အထိ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က နှစ်ဆယ်နီးပါးသေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) က ဗိုလ်ကြီး ထန်းလွန်းက ပြောပါတယ်။

“ထန်တလန်မြို့သိမ်းတိုက်ပွဲက နေ့တိုင်းတိုက်ပွဲတွေပြင်းထန်နေတယ် အောင်မြင်လုနီးပါးပေါ့၊ စစ်ကောင်စီစခန်းက နှစ်နေရာပဲကျန်တော့တယ်၊ ပေးဆပ်ရတာလည်း များတယ်၊ ဒီ Tilim Operation က CDF ထန်တလန် စစ်ဦးစီးချုပ်အပါအဝင် ကျဆုံးသူ နှစ်ဆယ်နီးပါးလောက် ရှိပါတယ်”

ဒါ့အပြင် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က ၅ဝ နီးပါးလောက်လည်း ဒဏ်ရာရခဲ့တယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က ထန်တလန်မြို့သိမ်းတိုက်ပွဲ ရှေ့တန်းတစ်နေရာမှာ စစ်ကောင်စီ တပ်စွဲထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးကို တိုက်ခိုက်ဖို့ ပြင်နေချိန်မှာ စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် CDF ထန်တလန် စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇဲရ် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး ဟားခါးမြို့နယ်နဲ့ ထန်တလန်မြို့နယ်က စစ်ကောင်စီတပ်တွေကို Tilim Operation 4 အဖြစ် ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

အောက်တိုဘာ ၇ ရက်နေ့ ညနေပိုင်းမှာ ထန်တလန်မြို့ပေါ်က သမဝါယမဘဏ် (CB) မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို CDF ထန်တလန် အပါအဝင် ချင်းပြည်တော်လှန်ရေး ပူးပေါင်းတပ်တွေက ပူးပေါင်းသိမ်းပိုက်ခဲ့ပါတယ်။

ဩဂုတ်လ ၅ ရက်နေ့ကလည်း ထန်တလန်မြို့ပေါ်က စစ်ကောင်စီရဲ့ ခလရ ၂၆၉ စခန်းကို ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်တွေ သိမ်းပိုက်ခဲ့ပါတယ်။

စစ်ကောင်စီဘက်ကလည်း ဟားခါးနဲ့ ထန်တလန်ကြားက လက်လွှတ်လိုက်ရတဲ့ စခန်းတွေ ပြန်လည်ရယူနိုင်ဖို့အတွက် အောက်တိုဘာလ ၁၄ ရက်နေ့ကစပြီး ပြန်လည်ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo: ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် ချင်းလဲန်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းထားသည့် လိုင်ဗီလာတည်းခိုခန်းကို တွေ့ရစဉ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *