NUG တောင်ပိုင်းစစ်ဒေသတွင် ၁ လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄၇ ဦး သေဆုံး

NUG တောင်ပိုင်းစစ်ဒေသတွင် ၁ လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄၇ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ၁၇ ဦးသေဆုံးခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တောင်ပိုင်း စစ်ဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာ တစ်လတာအတွင်း စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲပေါင်း ၆၆ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၇ ဦးသေဆုံးပြီး ၉၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ ကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်နှင့် ထိ‌တွေ့တိုက်ပွဲပေါင်း ၆၆ ကြိမ်ဖြစ်ပွားခဲ့ရာ စခန်းသိမ်းတိုက်ပွဲ သုံး ကြိမ်အထိ ပါဝင်ခဲ့သည်။

ထို့အတူ တော်လှန်ရေးပူး‌ပေါင်း တပ်ဖွဲ့များဘက်မှလည်း ထိခိုက်မှုများရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၁၇ ဦးကျဆုံးခဲ့ရပြီး ၄၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲများအပြင် စစ်ကောင်စီဒေါက်တိုင်များကို ရှင်းလင်းခြင်း လေးကြိမ်၊ စစ်ကောင်စီ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ စနိုက်ပါဖြင့်ပစ်ခတ်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သုံ့ပန်း ရှစ် ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည့်အပြင် ရိက္ခာကားများ၊ လက်နက်ကြီး လက် နက်ငယ်များ၊ ကျည်တောင့်များ၊ RPG-7 ကျည် အလုံး ၁၀၀ ကျော်၊ လက်ပစ်ဗုံးများနှင့် စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ အရပ်သားများအပေါ် ပစ်မှတ်ထားကာ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် ဒေသခံ ၁၂ ဦးသေဆုံးခဲ့ပြီး ၄၂ ဦးထိခိုက်ဒဏ်ရာရရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ၊ LDF များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့များ၊ KNU(KNLA,KNDO)၊ ဒရုန်းပူးပေါင်းတပ်ဖွဲ့များ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်


Comments

Leave a Reply

Your email address will not be published. Required fields are marked *