ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) စစ်ဆေးတပ်(စစ်ဆေးရုံ) တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာလ ၂၀ ရက်)တွင် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး နပခသို့ AA၏ ထိုးစစ်ရောက်ရှိရန် ကြားတွင် အမြှောက်တပ်နှင့် စစ်လက်နက်ပစ္စည်းတပ်(COD) သာကျန်တော့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ဖြစ်ပွားနေသည့်တိုက်ပွဲသည် အကွာအဝေးအားဖြင့် သုံးမိုင်ကျော်သာ နပခ နှင့် ဝေးတော့ကြောင်း ၎င်းကဆိုသည်။
AA ၏ ထိုးစစ်သည် နပခ အဝင် ခမရ(၃၇၃)၊ လေကြောင်းရန် ကာကွယ်ရေးတပ်၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့( စရဖ တပ် )တို့ကို ကျော်ပြီးနောက် စစ်ဆေးတပ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။
“၃၇၃ ကျပြီး လက်ရှိ တိုက်ပွဲ စရဖတပ်ကိုကျော်ပြီး တပ်ဆုတ်ပြီး တိုင်းဆေးရုံနား နပခနဲ့တော်တော်နီးသွားပြီ ။ မနေ့ည ၁၀ နာရီကနေ ဒီနေ့အကူး နံနက် ၂ နာရီအထိပြင်းထန်တယ်။စစ်ကောင်စီကလေယာဥ်ကနေလည်းတော်တော်ပစ်နေတယ်”ဟု၎င်းကပြောသည်။
စစ်ကောင်စီထောက်ခံသည့်လော်ဘီချန်နယ်များတွင်လည်း နပခအနီး တပ်ဆေးရုံအနောက်ဘက်တွင်တိုက်ပွဲပြင်းထန်နေကြောင်းရေးသားဖော်ပြထားသည်။
ပြီးခဲ့သည့်(အောက်တိုဘာလ ၁၁ ရက် )ညပိုင်းတွင် ခြေမြန်တပ်ရင်း-ခမရ(၃၇၃)ကိုရရှိသွားကြောင်း သတင်းများထွက်ရှိနေသော်လည်း AA ဘက်က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
ထို့အပြင် တောင်ကုတ်မြို့အခွဲ မအီမြို့မှ ၉၃ မိုင်အကွာအဝေးရှိ အမ်း-မအီကားလမ်း အမ်းမြို့သို့အဝင် တမိုင်ကုန်းရှိ ကာကင်းစခန်းတခုကိုလည်း အာရက္ခတပ်တော်(AA)က (ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်) နံနက် ၄ နာရီတွင်သိမ်းပိုက်ရထားကြောင်း AA နှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကဆိုသည်။
တမိုင်ကုန်းစခန်းသည် နပခ သို့အဖြောင့်တိုင်းသွားလျှင် သုံးဖာလုံအကွာအဝေးသာရှိသည့်အတွက်နပခသို့ရောက်ရှိရန်နီးကပ်လာခြင်းကြောင့် AA ၏ထိုးစစ်မှာ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေသည့်အနေအထားဖြစ်နေကြောင်းဒေသခံအချို့ကယူဆကြသည်။
“အမ်းမြို့ကို AA ကပတ်ပတ်လည်ပိတ်ဆို့တိုက်နေတာ။ နပခထဲရောက်ဖို့ဘယ်လောက်မှမလိုတော့ဘူး။အခုက အဲ့ဒီနားကရွာတွေကို AA တပ်တော်ရော စစ်တပ်ဘက်ကရောအရင်ရက်ထဲကရွှေ့ခိုင်းထားလို့ ဒေသခံတွေမရှိတော့ဘူး”ဟုအမ်းဒေသခံတစ်ဦးကပြောသည်။
ထို့နောက် အမ်းတိုက်ပွဲတွင် လတ်တလောဖမ်းဆီးရမိသည့် စစ်ကောင်စီသုံ့ပန်းများမှာ တိုက်ခိုက်ရေးတပ်မဟုတ်သည့် အမှတ်(၈)အဆင့်မြင့်ဆက်သွယ်ရေးတပ်၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (G.E)၊ စစ်မြေပြင်အင်ဂျင်နီယာတပ်(B.E)တို့လို လက်ရုံးတပ်များမှ တပ်သားများဖြစ်ကြောင်း AA နှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကပြောသည်။
“ဒီဘက်ကတွေ့ရတာ ဖမ်းဆီးရမိတဲ့သုံ့ပန်းတွေကိုကြည့်ရတာ တိုက်ခိုက်ရေးတပ်တွေ(၃၇၂)၊( ၃၇၃)ထဲကမဟုတ်တော့ဘူး။ အခုက ဆက်သွယ်ရေးတပ်ကများတယ် ။ သူတို့ကိုင်ထားတဲ့သေနတ်တွေကလည်း ချေမှုန်းရေးပိုင်းကကိုင်တဲ့သေနတ်တွေမဟုတ် လက်ရုံးတပ်တွေထုတ်သုံးရတဲ့အဆင့်ဖြစ်နေပြီ”ဟု၎င်းကပြောသည်။
စစ်ကောင်စီအနေဖြင့် နပခတွင်ခံစစ်ပြင်ရန် တိုက်ခိုက်ရေးတပ်များဖြင့်အင်အားဖြည့်တင်းထားသည်ဟုခန့်မှန်းရကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် (အောက်တိုဘာလ ၁၀ ရက်)လည်းအမ်း-ပဒါန်းကားလမ်းမှ နပခအတွင်းသို့ အင်အား ၁၀၀ ကျော်ပါသည့်စစ်ကူဝင်ရောက်လာသည်ကိုတွေ့ရကြောင်း အမ်းမြို့ခံများ၏အဆိုအရသိရသည်။
စစ်ရေးသတင်းရင်းမြစ်များ၏အဆိုအရ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူများဖြင့်ခုခံတိုက်ခိုက်နေပြီးအာရက္ခတပ်တော်(AA)ဘက်ကလည်း ဟောင်ဝှစ်ဇာလက်နက် ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် ထိုးစစ်အရှိန်မြှင့်တင်ကာ တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။
နပခ၏လက်ဝဲဘက်တွင် အမှတ်(၈)အဆင့်မြင့်ဆက်သွယ်ရေးတပ်၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (G.E)၊ စစ်မြေပြင်အင်ဂျင်နီယာတပ်(B.E)၊ ခမရ(၃၇၂)၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်များရှိသည်။ နပခ၏လက်ယာဘက်ခြမ်းတွင်မူ တပ်ထိန်းတပ်၊ ခမရ(၃၇၁)တို့ ရှိကြသည်။
စစ်ရေးအရှိန်က အမ်းအနီးအနား တဝိုက်ရောက်လာခြင်းကြောင့် စစ်ကောင်စီဘက်က အမ်းမြို့အပါဝင် ရခိုင်ဒေသရှိ မြို့များအားလုံးကို (အောက်တိုဘာလ ၁၂ ရက်နေ့)မှစပြီး (ယနေ့ အောက်တိုဘာလ ၂၀ ရက်)အထိ MEC တယ်လီကွန်းမှလွဲ၍ ဖုန်းလိုင်း၊ အင်တာနက်လိုင်းဆက်သွယ်ရေးဖြတ်တောက်ထားခဲ့သည်။
ယမန်နေ့အောက်တိုဘာလ ၁၉ ရက်မှစ၍ အမ်းနှင့်မြို့အချို့တွင်သာ MPT လိုင်းတမျိူးတည်းရရှိသေးကြောင်းသိရသည်။
လက်ရှိ အမ်းမြို့အပါအဝင် မောင်တောအနောက်ဘက်ခြမ်းရှိ နယ်ခြားစောင့်တပ်ခွဲနခခ(၅)နှင့် ဂွမြို့တို့တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်သည်။
ပုံအညွှန်း-AA အမျိုးသမီးစစ်သည်များ(ဓာတ်ပုံ-AA info desk)
Leave a Reply