မိုးမောက်မြို့ကို ပြန်ရရေး စစ်ကောင်စီတပ် အပြင်းအထန် ထိုးစစ်ဆင်နေ

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူထားတဲ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို ပြန်ရရေးအတွက် ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်က သံချပ်ကာယာဉ်တွေပါ အသုံးပြုပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အောက်တိုဘာလ ၂၄ ရက်နေ့မှာ ပြောပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့ကစလို့ မြေပြင်စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်တာအပြင် လေကြောင်းကနေလည်း နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“ဗန်းမော် မိုးမောက်ဘက်ကို သံချပ်ကာကားတွေနဲ့ တက်လာတယ်။ မြေပြင်ကနေလည်း တက်တယ်၊ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ကျွန်တော်တို့ဘက်က ပြန်ပစ်တော့ ပြန်တော့ ဆုတ်ဆုတ်သွားတယ်။ သံချပ်ကာကား ငါးစီးလောက်နဲ့ တက်လာတာ။ လေယာဉ်နဲ့လည်း နေ့တိုင်းလာပစ်တယ်”

မိုးမောက်မြို့က KIA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ခြေမြန်တပ်ရင်း ခမရ-၄၃၇ ရှိရာနေရာကို စစ်ကောင်စီတပ်က ဗန်းမော်မြို့ဘက်ကနေ လာရောက် ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

မိုးမောက်ဒေသခံတစ်ဦးကလည်း ခမရ-၄၃၇ အနီးမှာ ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ရှိနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရဆဲပဲလို့ ပြောပါတယ်။

“မိုးမောက်ဘက်မှာ တိုက်ပွဲပြန်ပြင်းထန်တာက သုံးရက်၊ လေးရက်လောက်ပြီ။ လေယာဉ်လည်း အရင်ကထက် လာတာများတယ်၊ ခဏခဏလာပစ်တယ်။ သံချက်ကာကားလည်း ငါးစီးပါတယ်။ ဗန်းမော်-မိုးမောက်ကြား ခုနစ်မိုင်လောက်မှာ ဖြစ်နေတာ။ ဒေသခံတွေကလည်း အခုချိန်ထိ တိမ်းရှောင်နေကြဆဲပဲ”

ကချင်ပြည်နယ်ထဲမှာ မိုးမောက်မြို့နယ်ကလွဲလို့ ကျန်တဲ့နေရာတွေမှာ ဒီနေ့ တိုက်ပွဲဖြစ်တာ မကြားရသေးဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

မိုးမောက်မြို့က နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ – ၄၃၇ ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက သြဂုတ်လ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်တာ နှစ်လခန့် ရှိလာပါပြီ။

၂၀၂၄ ခုနှစ် နှစ်စပိုင်းကနေ အခုအချိန်အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ မိုးမောက်၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ဆော့လော်၊ ချီဖွေ၊ ပန်ဝါ စတဲ့ မြို့ ၁၂ မြို့နဲ့ စစ်တပ်စခန်းပေါင်း ၂၂၀ ခန့်ကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးခဲ့သော နေအိမ်အား ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)


Comments

Leave a Reply

Your email address will not be published. Required fields are marked *