စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီး

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်အား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းကာ အမှုဖွင့်လှစ်ထားကြောင်း အာဏာသိမ်းစစ်ကောင်စီက ၂၀၂၄ခုနှစ် အောက်တိုဘာလ(၂၄)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်လာသည်။

ဒေါက်တာနေစိုးမောင်၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားမှုများနှင့်ပတ်သက်၍ အောက်တိုဘာလ(၂၃)ရက်နေ့ ည(၆)နာရီခွဲအချိန်က မန္တလေး၊ ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းကာ အမှုဖွင့်လှစ်အရေးယူထားသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်သည့် အောက်တိုဘာလ (၇)ရက်နေ့တွင် ဒေါက်တာနေစိုးမောင်က “ယောကျ်ားတန်မဲ့ မျက်ရည်ကျမိပါတယ်။ ကိုယ့်ပြည်သူအတွက် ကိုယ်တာဝန်ယူတဲ့ဒေသ တိုးတက်အောင် အားကြိုးမာန်တက် တောင်ရွက်ပေးခဲ့ပေမဲ့ ဆရာနေမကောင်းတဲ့ကာလမှာ ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်ရပါတယ် ဆရာ။ မြင့်မြတ်တဲ့ဘုံမှာ အေးချမ်းစွာ လဲလျောင်းလို့ အိပ်စက်အနားယူပါတော့ ဆရာ။ နောင်ဘဝမှာ လူဖြစ်ခဲ့လျှင် လွတ်လပ် တရားမျှတပြီး လူကိုလူလိုဆက်ဆံတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့အကျိုးကို ဆက်လက်သယ်ပိုးပေးနိုင်ပါစေ ဆရာ။”ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သည်ကို တွေ့ရသည်။

ယင်းနောက် အောက်တိုဘာလ (၉)ရက်နေ့တွင် “We Free”စာတန်းပါသည့် အင်္ကျီကို ဝတ်ဆင်ပြီး မန္တလေးကျုံးရှေ့တွင် ရိုက်ထားသည့် ပုံများနှင့်အတူ “လေးစားသမှုနဲ့ ဂါဝရပြုအပ်ပါတယ်။ ဆရာ့လက်ထက်မှာ ပြည်သူတွေကို ပျော်ရွှင်အောင် ထားနိုင်ခဲ့သလို မန္တလေးသူ မန္တလေးသားတွေကိုလည်း စိတ်အားတက်ကြွစေခဲ့တဲ့ မန္တလေးမြို့ကြီးကို smart city ဖြစ်စေဖို့ ကြိုးစားခဲ့တဲ့ ဆရာ့ကို လေးစားပါတယ်။ မန္တလေးရောက်ရင် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ကျုံးပတ်လမ်းမှာ လမ်းလျှောက် စက်ဘီးစီးတိုင်း ဆရာနဲ့ မြို့တော်ဝန်တို့ရဲ့ လက်ရာတွေကို ရင်သတ်ရှုမောတွေ့ရပါတယ် ဆရာ။ ပြည်သူတွေအတွက် စွမ်းဆောင်ချက်တွေကို အမှတ်ရပြီး ဂါဝရပြုလိုက်ပါတယ်။ ဆရာ မြင့်မြတ်သောဘုံမှာ ခံစားနိုင်ပါစေ”ဟု လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့ပြီးနောက် အောက်တိုဘာလ (၁၃)ရက်နေ့တွင် ဒေါက်တာနေစိုးမောင် ဖမ်းဆီးခံရသည်ဟု သတင်းများထွက်လာသည်ကို တွေ့ရသည်။

ဒေါက်တာနေစိုးမောင် ဖမ်းဆီးခံရသည်ဟု သတင်းများထွက်ချိန်မှစ၍ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း မည်သည့်ရေးသားမှုကိုမှ မတွေ့ရတော့ဘဲရှိနေရာမှ အောက်တိုဘာလ (၂၄)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက ဒေါက်တာနေစိုးမောင်အား ၎င်းတို့၏ အသိပေးထုတ်ပြန်ချက်များကို မျက်ကွယ်ပြုပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲကာ အောက်တိုဘာလ (၂၃)ညက ဖမ်းဆီးထားသည်ဟု သတင်းထုတ်လာသည်ကို တွေ့ရခြင်းဖြစ်သည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားမက်ဖြစ်သလို နေရွှေသွေးအောင်၏ ဖခင်ဖြစ်သူ ဒေါက်တာနေစိုးမောင်သည် ဖခင်ဖြစ်သူ တပ်မတော်အရာရှိ၏ မတော်လောဘ မရှိ၊ အခွင့်အရေး မယူ၊ အနိုင် မကျင့်၊ ရိုးသား၍ ကိုယ်ကျင့်စောင့်ထိန်းမှုရှိပုံကို မကြာခဏဆိုသလို လူမှုကွန်ယက်တွင် ရေးသားလေ့ရှိပြီး ကိုယ်တိုင်လည်း လူမှုကူညီရေးလုပ်ငန်းများ လုပ်လေ့ရှိသည်ကို တွေ့ရသည်။

ဒေါက်တာနေစိုးမောင်၏ ဖခင်ဖြစ်သူမှာ ဦးတင်စိန်ဖြစ်ပြီး ၎င်းသည် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ ပထမဆုံးသော ဝန်ကြီး အဖြစ် လည်းကောင်း၊ ဒုကာကွယ်ရေးဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဗိုလ်ချုပ်ရာထူးဖြင့်ပင် အငြိမ်းစားယူကာ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဒေါက်တာနေစိုးမောင်၏ ယောက္ခမဖြစ်သူ ဦးသန်းရွှေ ကိုယ်တိုင် ကာကွယ်ရေးဦးစီးချုပ်ရာထူးလွှဲပေးခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းလိုက်ချိန်တွင်လည်း ဒေါက်တာနေစိုးမောင်သည် မြေပြင်တွင်ဖြစ်ပျက်နေသည့် ပကတိအခြေအနေများကို ရေးသားလေ့ရှိသည့်အပြင် ပြည်သူအပေါ် ကျင့်ဝတ်မပျက်သည့် တပ်မတော်သားများအကြောင်းကိုလည်း အလျဉ်းသင့်သလို ရေးသားလေ့ရှိသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့၏လုပ်ရပ်များအပေါ် ဝေဖန်မှုဖြင့် ယခင် USDP အစိုးရ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကိုလည်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့က ဖမ်းဆီးကာ ထောင်ဒဏ် (၁၀)နှစ် ချမှတ်ထားသေးသည်။

ဒေါက်တာနေစိုးမောင်သည် တပ်မတော်ဆေးတပ်နှင့်တပ်မတော်ဆေးရုံတွင် ဗိုလ်မှူးကြီးအဆင့်အထိ တပ်မတော်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သလို ရန်ကုန်ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွင် ကထိက၊ ပါမောက္ခအဖြစ်မှ ပါမောက္ခချုပ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဖမ်းဆီး မခံရမီအချိန်အထိ မြန်မာနိုင်ငံ တောင်တက်နှင့် တောင်တက်အဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ (MORS) ဒုတိယဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူဆောင်ရွက်နေသလို လူမှုအကျိုးပြု လုပ်ငန်းများကိုလည်း လုပ်ကိုင်နေသူဖြစ်သည်။

အာဏာရှင်ဟောင်း သန်းရွှေ၏ သားမက်၊ နေရွှေသွေးအောင်၏ ဖခင်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ဟုဆို

အာဏာရှင်ဟောင်း သန်းရွှေ၏ သားမက်လည်းဖြစ်၊ အာဏာရှင်ဟောင်း သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်၏ ဖခင် ဒေါက်တာနေစိုးမောင်ကို အ ကြမ်း ဖက်စစ်ကောင်စီက နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် လူမှုကွန်ရက်တွင် လှုံ့ဆော်သည်ဟုဆိုကာ အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း စစ်တပ်က တရားဝင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်၊ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်နေ ဒေါက်တာနေစိုးမောင်ကို ပြည်ကြီးတံခွန်မြို့မ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်ထားကြောင်း၊ အဓိက အားဖြင့် Dr Nay Soe Maung Facebook လူမှုကွန်ရက်စာမျက်နှာတွင် နိုင်ငံ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ဆောင်ရွက်ခဲ့ ၍ ဖမ်းဆီး အရေးယူခြင်းဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထား သည်။

ဒေါက်တာနေစိုးမောင်သည် အာဏာရှင်ဟောင်း သန်းရွှေ၏ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ရွှေနှင့် လက်ထပ်ထားသူဖြစ်ပြီး အာဏာရှင်ဟောင်း သန်းရွှေ၏ အချစ်ဆုံး မြေးတစ်ဦးဖြစ်သော နေရွှေသွေးအောင်၏ ဖခင်လည်းဖြစ်သည်။ ၎င်း၏ ဖခင်မှာ ယခင်ဒုကာကွယ်ရေးဝန်ကြီး တင်စိန်ဖြစ်သည်။ ဒေါက်တာနေစိုးမောင်သည် တပ်မတော်ဆေးတပ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့သည်။

NLD ပါတီဒုတိယဥက္ကဋ္ဌ ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုနှင့်ပတ်သက်၍ ဒေါက်တာနေစိုးမောင်က အောက်တိုဘာလ ၇ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာတွင် ဝမ်းနည်းကြေကွဲ၍ ခံစားချက်များ ပြင်းထန်ရကြောင်း အောက်ပါအတိုင်း ရေးသားခဲ့သည်။

“ခံစားချက်တွေပြင်းထန်လွန်းလို့ မျက်ရည်ကျမိပါတယ်
ကိုယ့်ပြည်သူတွေအတွက်
ကိုယ့်တာဝန်ယူတဲ့ဒေသ တိုးတက်အောင်
အားကြိုးမန်တက် ဆောင်ရွက်ပေးခဲ့ပေမဲ့
ဆရာ နေမကောင်းတဲ့ ကာလမှာ
ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်ခဲ့လို့
စိတ်မကောင်းဖြစ်ရပါတယ် ဆရာ….
မြင့်မြတ်တဲ့ဘုံမှာ အေးချမ်းစွာလဲလျောင်းလို့
အိပ်စက် အနားယူပါတော့ ဆရာ….
နောင်ဘဝမှာ လူဖြစ်ခဲ့လျင်
လွတ်လပ် တရားမျှတပြီး
လူကို လူလို ဆက်ဆံတဲဲ့ နိုင်ငံမှာ
လူပြန်ဖြစ်ပြီး
လူသားတွေရဲ့ အကျိုးကို
ဆက်လက်သယ်ပိုးပေးနိုင်ပါစေ… ဆရာ….။” ဟု ရေးသားခဲ့သည်။

ထို့ပြင် စစ်အာဏာသိမ်းမှုအပေါ် အာဏာရှင်ဟောင်း ဦးသန်းရွှေက မင်းအောင်လှိုင်ကို နားမချလေသလားဟု လူမှုကွန်ရက်တွင် မေးမြန်းလာမှုများကို ဒေါက်တာနေစိုးမောင်က “ကျွဲပေါင်းစောင်းတီး” ဟု Reply ပြန်ပေးခဲ့ပြီး နောက်ပိုင်းတွင် ယင်း Reply Comment ကို ပြန်လည် ဖျက်သွားခဲ့ဖူးသည်။

ဒေါက်တာနေစိုးမောင်က စစ်အာဏာသိမ်းမှုကို မနှစ်သက်ကြောင်း မကြာခဏဆိုသလို လူမှုကွန်ရက်တွင် ရေးသားလေ့ရှိပြီး “မြန်မာပြည်သူအပေါင်း လေ ယာဉ်သံ ဗုံးသံတွေကင်းစင်ပြီး ဘေးမသီ ရန်မခ အိပ်ပျော်တဲ့ညတွေဖြစ်ပါစေ” ဟု စစ်တပ်၏ လေယာဉ်ဖြင့် ပြည်သူများအပေါ် ဗုံးကျဲနေမှုကို အောက်တို ဘာလ ၃ ရက်နေ့တွင် ဝေဖန်ရေးသားခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *