တန်ဆောင်တိုင်ပွဲကို စစ်ကောင်စီ လူသတ်ကွင်းဖန်တီးလာနိုင်လို့ ပွဲလာသူတွေ အထူး သတိထားဖို့ တော်လှန်အင်အားစုတွေကသတိပေး

လာမယ့်လအတွင်း ရှမ်းပြည် တောင်ကြီးမြို့မှာပြုလုပ်မယ့် တန်ဆောင်တိုင်ပွဲကို စစ်ကောင်စီက လူသတ်ကွင်းအနေနဲ့ ဖန်တီးနိုင်လို့ ပွဲလာသူတွေ အထူးသတိပြုရန်လိုအပ်ကြောင်း တောင်ကြီးတော်လှန်ရေးအင်အားစုတွေက သတိပေးနေတာ သိရပါတယ်။

လာမယ့် နိုဝင်ဘာလမှာ တောင်ကြီးမြို့ အဝေရာကွင်းမှာ ပြုလုပ်မယ့် မီးပုံးပျံလွှတ်ပွဲအတွင်း ပြည်သူတွေကို ဓားစားခံအဖြစ် စတေးပြီး စစ်ကောင်စီက အဓိကရုန်းလှုံ့ဆော်တာ၊ ဗုံးခွဲတာတွေ လုပ်လာပြီး လူသတ်ကွင်းအနေနဲ့ဖန်တီးကာ တော်လှန်ရေးအင်အားစုတွေကို အပြစ်ဖို့လွှဲချလာနိုင်ပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် လာနိုင်တာဖြစ်လို့ ပွဲလာသူတွေ အထူးသတိပြုရမှာ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

“ကိုယ့်မြို့ကို သိပ်ချစ်တယ်၊ မြို့ပုံရိပ်နဲ့ပြည်သူကို ထိခိုက်တာမျိုး မလုပ်ဘူး၊ အခုက ကျနော်တို့ကိုအကြောင်းပြပြီး အစစ်ဆေးတွေ တင်းကြပ်တာလုပ်လာတာမှာ ပွဲလာညီအကိုတွေတုတ်၊ဓား တွေ မဆောင်ထားပါနဲ့၊ ရန်မဖြစ်ပါနဲ့လို့မှာချင်တယ်၊ စစ်မိစ္ဆာတွေပြုလုပ်တဲ့ပွဲမှာ သူတို့ကိုယ်တိုင်လုပ်ပြီး ကျနော်တို့ကို အကြောင်းပြ၊ ညီအကို တို့ကိုတရားလက်လွှတ် ဖမ်းဆီးသတ်ဖြတ်လာနိုင်တာကို အထူးသတိပေးချင်တာပါ၊ တခုခုဖြစ်ခဲ့ရင် သူတို့လုပ်တာ ၊ ကျနော်တို့လုပ်တာမဟုတ်ဘူးလို့ ကြိုတင်အသိပေးတာပါ”တောင်ကြီးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတာ၊ ပြည်သူ့စစ်မှုထမ်းအတွက် အဓမ္မခေါ်ယူနေတာတွေ၊ ဖမ်းဆီးနေတာတွေအပြင် အနီးနားက မြို့တွေ၊ ရွာတွေမှာ PNO၊ RCSSလို အဖွဲ့ပေါင်းစုံက ဆက်ကြေးကောက်တာတွေ တင်းကြမ်းဖြစ်နေလို့ လူထု စားဝတ်နေရေးကြပ်တည်းကာ ဒုက္ခရောက်နေတာတွေကိုလျစ်လျူရှုပြီး လူထုကို ရိုးရာအကြောင်းပြပြီး အပျော်အပါးနဲ့ သွေးဆောင်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီက တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲကို လာမယ့် နိုဝင်ဘာ ပထမပတ်ကနေ ခုနှစ်ရက်တိုင် ကျင်းပမှာလို့ ကြေညာထားပြီးအခုရက်ပိုင်းကစကာ တောင်ကြီးမြို့ပေါ်နဲ့ ပတ်ဝန်းကျင်မှာ စစ်ဆေးမှုတွေ တင်းကြပ်လာပြီး မသင်္ကာသူတွေကို အကြောင်းပြကာ ရိုက်နှက် ဖမ်းဆီးတာတွေရှိလာနေတာဖြစ်ပါတယ်။

တောင်ကြီးမြို့ရဲ့ ပတ်ပတ်လည် မိုင် ၄၀ ဝန်းကျင်အတွင်း အင်းလေးဒေသ၊ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊အင်တော ဘက်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် စစ်ကောင်စီကတော့ နယ်မြေအေးချမ်းနေသယောင် တိုင်းပြည်နဲ့ ကမ္ဘာကိုညာဖို့ ပွဲအတင်းပြုလုပ်နေတာမှာ ပွဲလာသူတွေကို စစ်ကောင်စီက ခုတုံးလုပ်စတေးပြီး နိုင်ငံရေးလှည့်ကွက်နဲ့ အမြတ်ထုတ်လာနိုင်တာကို တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးနေတာလို့ နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ပြောဆိုနေကြောင်း သိရပါတယ်။

တောင်ကြီးတန်ဆောင်ပွဲဟာ အထင်ကရပွဲဖြစ်လို့ အရင်အေးချမ်းစဥ်ကာလတွေမှာ ပြည်တွင်းခရီးသွား သိန်းချီလာရောက်သလို ပြည်ပကပါ လာရောက်လည်ပတ်တဲ့ရိုးရာပွဲတော် ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *