အလှမယ် သရဖူ မရသဖြင့် ငွေအား၊လူအားဖြင့် အားပေးသူများ ဒေါသပေါက်ကွဲနေ

အာဏာသိမ်းကာလအတွင်း ဆင်းရဲမွဲတေမှုနှစ်ဆမြင့်တက်လာသည့် ကျရှုံး မြန်မာနိုင်ငံမှ အလှမယ် သရဖူ မရသဖြင့် ငွေအား၊လူအားဖြင့် အားပေးသူများ ဒေါသပေါက်ကွဲနေ

Miss Grand Internation ပြိုင်ပွဲမှာ သရဖူရဖို့ ငွေနဲ့ နည်းလမ်းအမျိုးမျိုးကြိုးစားခဲ့သော်လည်း ပြိုင်ပွဲဝင် အလှမယ် သဲစုငြိမ်းဟာ သရဖူမရခဲ့တာကြောင့် သူ့ကို အားပေးကြသူတွေဟာ ဒေါသထွက်နေကြပါတယ်။

ငွေနဲ့မဲပေးရတဲ့ (Voting) စနစ်မှာ မဲတစ်မဲကို ထိုင်းဘတ် ၃၅ ဘတ်ဝန်းကျင်နဲ့ ဆုရရှိဖို့ အလှမယ်အဖွဲ့အစည်းတွေ၊ ပရိတ်သတ်တွေက ကြိုးစားခဲ့ကြတာကြောင့် သဲစုငြိမ်းဟာ မဲစနစ်မှာ ထိပ်တန်းရောက်ခဲ့ရပြီး Miss Grand International ဘက်က သရဖူရရှိဖို့ အမေရိကန်ဒေါ်လာ ၂၅,၀၀၀ အထက်နဲ့ကမ်းလှမ်းခဲ့တယ်လို့ မြန်မာဒါရိုက်တာကဆိုပါတယ်။

ဒါပေမဲ့ အလှမယ်သရဖူရဖို့ အမေရိကန် ဒေါ်လာ ၂၅,၀၀၀ (ကာပေါက်စျေး ကျပ်သိန်းတစ်ထောင်ကျော်ဝန်းကျင်)ထက်ပိုတဲ့ ပမာဏကိုအသုံးပြုခဲ့ပေမယ့် မရရှိခဲ့ပြန်ပါဘူး။

ဒီနှစ် Miss Grand International ပွဲရဲ့ ဆောင်ပုဒ်ဟာ “Stop The War and Violence” ဆိုတဲ့ စစ်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ဖြစ်ပြီး မြန်မာအလှမယ်ကတော့ အရေးအကြီးဆုံးဟာ “ပလပ်စတစ်”လို့ဆိုခဲ့ကာ 2nd Runner up ဆုကိုရရှိခဲ့ပါတယ်။

သရဖူကို အိန္ဒိယနိုင်ငံနဲ့ 1st runner – up ကိုတော့ ဖိလစ်ပိုင်နိုင်ငံတို့က အလှမယ်တွေကရရှိခဲ့ပါတယ်။

သဲဆုငြိမ်းရဲ့ ပရိတ်သတ်တွေကတော့ သရဖူမရလို့ Miss Grand International နဲ့ ပိုင်ရှင်တို့ရဲ့ ဆိုရှယ်မီဒီယာတွေကို Like, Follow တွေဖြုတ်ကာ လက်တုန့်ပြန်နေကြပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအေဂျင်စီတစ်ခုဖြစ်တဲ့ UNDP ရဲ့ဆိုထားချက်အရ အာဏာသိမ်းပြီးနောက်မှာ မြန်မာဟာ ဆင်းရဲမွဲတေမှု(Poverty)နှုန်းဟာ နှစ်ဆရှိလာပြီး ၂၀၁၇ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်ထိ ၂၄.၈ ရာခိုင်နှုန်းကနေ ၄၉.၇ ရာခိုင်နှုန်းထိ တက်လာတယ်လို့ဆိုပါတယ်။

တကျော့ပြန်စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတွင်းငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာပြီး ကျပ်ငွေတန်ဖိုးကျလာကာ နိုင်ငံတွင်းက ထိပ်ပိုင်း လူတန်းစား ၂၀ ရာခိုင်နှုန်းလောက်ကသာ မြင့်မားတဲ့ ဝင်ငွေတွေရရှိနေတယ်လို့ဆိုပါတယ်။

အာဏာသိမ်းလိုက်တဲ့အတွက် ပြည်ပပိတ်ဆို့မှုတွေနဲ့ ဒဏ်ခတ်မှုတွေရဲ့ ရိုက်ခတ်မှုတွေဖြစ်တဲ့ ကုန်ဈေးနှုန်းတက်လာတာ၊ စက်သုံးဆီ၊ စားနပ်ရိက္ခာတွေရှားပါးလာတာတွေကို တိုင်းပြည်တွင်းက ပြည်သူတွေ အဓိကထိခိုက်ခံစားနေရပါတယ်။

မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီဟာ ဒီ Miss Grand International ပွဲလုပ်နေချိန်မှာပဲ ဘုတလင်နယ်က အရပ်သားတွေကို တစစီ ခုတ်ထုတ်သတ်ဖြတ်ခဲ့သလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာတချို့လည်းရှိပါတယ်။

မြန်မာနိုင်ငံကနေ သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ အလှမယ်နှစ်ဦးဖြစ်တဲ့ သူဇာဝင့်လွင်နဲ့ ဟန်လေးတို့ကတော့နိုင်ငံတကာက စိတ်ဝင်တစားစောင့်ကြည့်တဲ့ စင်မြင့်ပေါ်မှာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

ပုံစာ – Miss Grand International Final ပွဲမြင်ကွင်း/Khaosod English


Comments

Leave a Reply

Your email address will not be published. Required fields are marked *

https://www.vultr.com/?ref=9641381-9J