စစ်ကောင်စီကဖမ်း တရုတ်က ပိတ်၍ ပြည်တွင်း၌ ကုန်စည်ပြတ်လပ်

ကချင်ပြည်နယ်နှင့် ရှမ်းမြောက်တိုက်ပွဲများအကြောင်းပြ၍ တရုတ်နိုင်ငံ၏ ဖိအားပေးမှုအဖြစ် ယခုရက်ပိုင်းမှ စတင်၍ နယ်စပ်ဂိတ်များမှ မြန်မာဘက်သို့ သွင်းကုန်တင်သွင်းမှုများ ပိတ်ထားသလို စစ်ကောင်စီကလည်း တရားမဝင်ကုန်စည် တိုက်ဖျက်ရေး ဆိုကာ တရုတ်နှင့် ထိုင်းမှ တင်သွင်းသော ကုန်ပစ္စည်းများ ဖမ်းဆီးနေခြင်းတို့ကြောင့် ပြည်တွင်း၌ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းတချို့ ပြတ်လပ်လာနေသည်။

နိုင်ငံခြားငွေ ရှားလာသော စစ်ကောင်စီသည် သွင်းကုန်လိုင်စင်ချပေးမှုကို တင်းကျပ်ထားသလို တရားမဝင်ကုန်သွယ်ရေး က လက်နက်ကိုင်များကို အားပေးသည်ဆိုကာ နယ်စပ်နှင့် ပြည်ပမှသွင်းသည့် စားသောက်ကုန်၊ လူသုံးကုန်များကို ဖမ်း ဆီးနေသလို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရကလည်း စားသောက်ကုန်၊ အိမ်သုံးပစ္စည်း လျှပ်စစ်ပစ္စည်း အမျိုးမျိုးနှင့် ဆိုလာဘက်ထရီပြား၊ အင်ဂျင်၊ မီးသီးမီး အိမ်များ၊ အိမ်ဆောက်ပစ္စည်းများကို ယာယီတင်ပို့ခွင့် အောက်တိုဘာ ၂၂ရက်မှစ၍ ပိတ်လိုက်သည်။

ဓာတ်မြေဩဇာမှစ၍ စားသောက်ကုန်၊ လူသုံးကုန်အဆုံး အိမ်နီးချင်း ထိုင်းနှင့် တရုတ်ကို အများဆုံး မှီခိုအားထားနေရ သည့် မြန်မာပြည်သူတို့မှာ လက်ရှိ စားသုံးဆီ၊ ကော်ဖီ၊ ခေါက်ဆွဲခြောက်နှင့် သွားတိုက်ဆေး၊ မျက်နှာသစ်ဆပ်ပြာကဲ့သို့ လူသုံးကုန်များ ရှားပါးပြတ်လပ်နေကြောင်း သိရသည်။

ပြည်တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက “ထိခိုက်မှုတွေ ရှိပါတယ်။ နယ်စပ်ပိတ်လို့တင် မဟုတ်ဘူး။ သွင်းကုန်နဲ့ ပတ်သက်တဲ့ လိုင်စင်တွေက တော်တော်လေး ကျဖို့ခက်တော့ တချို့ဟာတွေက ငွေဈေးကျတာတောင်မှ ပစ္စည်းဈေးတွေက မကျဘူး။ အဓိက သွင်းရတာ ခက်ခဲနေတာ သွင်းကုန်လိုင်စင် မရတာတချက်၊ နောက်တရားမဝင် ကုန်စည်တွေကို ဖမ်းတာ ရှိတယ်။ အဲဒီတော့ တချို့က ပါမစ်မရတော့ ရတဲ့နည်းနဲ့သွင်းလာတဲ့သူတွေပါ ထိတော့ ပစ္စည်းတွေပြတ်တာ ပေါ့။ အခု တရုတ်ကပါ ပိတ်တော့ ပိုဆိုးတာပေါ့။ ပစ္စည်းတွေ တက်သလို ဝယ်ယူရ ခက်ခဲနိုင်တယ်”ဟု လက်ရှိအခြေအနေကိုပြောသည်။

နယ်စပ်ဂိတ်များ မပိတ်ခင်ကတည်းကပင် စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်း လုပ်ငန်းများမှာ အကြောင်း အမျိုးမျိုးကြောင့် လည်ပတ်ရန် ခက်ခဲနေချိန်တွင် ယခုကဲ့သို့ ပိတ်လိုက်ခြင်းက ပို၍ ဆိုးရွားသည့် အခြေအနေဖြစ်ကာ နောက်ပိုင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းပြီး ပြည်သူများ အလုပ်အကိုင် ရှားပါးမည့် အခြေအနေသို့ပါ ရောက်ရှိနိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။

အဓိကအားဖြင့် တရုတ်နိုင်ငံမှ စားသောက်ကုန်ထက် လူသုံးကုန်ပစ္စည်းများကို အားထားနေရပြီး လျှပ်စစ်ပစ္စည်း အမျိုးမျိုး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံ၊ သံချောင်း၊အလူမီနီယံ၊ ကြွေပြား၊ ပိုက်၊သွပ်မိုး၊ အိမ်သာခွက်မှစ၍ ပစ္စည်းအမျိုးမျိုးကို တင်သွင်းနေရခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံက သိရသည်။

အထက်ပါ လုပ်ငန်းရှင်က “ အခု တရားမဝင် ပစ္စည်းဖမ်းတာ၊ တရုတ်ပိတ်တာ၊ လူတွေကလည်း စီးပွားရေး မကောင်းတာ ကြောင့် သက်ရောက်မှုကတော့ တော်တော်တော့ ထိခိုက်မယ် ထင်တယ်။ တရုတ်နဲ့ပတ်သက်ရင် ဘယ်ကဏ္ဍမှာမဆို အကုန်သွင်းပြီး သုံးရတယ်။ ဆောက်လုပ်ရေးမှာလည်း တော်တော်များများက တရုတ်ပစ္စည်းသုံးရတော့ ဈေးထပ်တက်တာ ပစ္စည်းပြတ်တာတော့ ဖြစ်နိုင်တယ်”ဟု ဆိုသည်။

တရုတ် နယ်စပ်ပိတ်သဖြင့် ပင်လယ်ရေကြောင်းမှ တင်သွင်းမည်ဆိုပါကလည်း သွင်းကုန်လိုင်စင် တစောင်ကျရန် အနည်းဆုံး ၃ လမှ အများဆုံး တနှစ်အထိ ကြာမြင့်သလို နိုင်ငံခြားငွေသုံးစွဲမှုတွင်လည်း အချိန်ကန့်သတ်ချက်များ ရှိခြင်းကြောင့် အခက်အခဲများ ရှိကြောင်း သိရသည်။

မူဆယ်နယ်စပ် ဒေသခံ ကုန်သည်တဦးက “တရုတ်ကတော့ တဖြေးဖြေးကျပ်နေတာပဲ။ ပထမတုန်းကလည်း ဆေးဝါးတွေ ပိတ်တယ်။ အခုလည်း သွင်းကုန်ဖြစ်တဲ့ စားသောက်ကုန်၊ လူသုံးကုန် ၊ လျှပ်စစ်ပစ္စည်း အကုန်ပိတ်တာပေါ့။ နယ်စပ်နဲ့ ထိစပ်နေတဲ့ ဒေသတွေကတော့ တရုတ်ဘက်ပဲ အားထားနေရတော့ ဒုက္ခရောက်တာပေါ့။ ရှမ်းမြောက်မှာဆို ဆေးဝါးပြတ် တာ၊ စက်သုံးဆီခက်ခဲတာတွေ ရှိတယ်”ဟုပြောသည်။

ယင်းကဲ့သို့ တရုတ်ဘက်မှ ကုန်စည်သယ်ယူခွင့် ပိတ်လိုက်သောကြောင့် တရုတ်-မြန်မာနယ်စပ်မြို့များတွင် စက်သုံးဆီများလည်း ဈေးတက်ကာ အကန့်အသတ်ဖြင့်သာ ရောင်းချနေသောကြောင့် အလုအယက် ဝယ်ယူနေကြ ကြောင်း ဟိုပန်ဒေသခံများထံမှ သိရသည်။

ထို့ပြင် ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းအမိန့်ကြောင့် လက်ရှိတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်သာမက မန္တလေးတိုင်းအထိ ဂိုဒေါင်များကို စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း မန္တလေးတိုင်းမှ လုပ်ငန်းရှင်များက ပြောသည်။

မန္တလေးမြို့ရှိပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တဦးက “တချို့ဂိုဒေါင်တွေ ဝင်ရှာတယ်။ ဖမ်းတာရှိတယ်။ ဒီတပတ်ထဲ စဖမ်း တာပေါ့။ တချို့ပစ္စည်းတွေက ပျက်စီးလွယ်မှာဆိုးလို့ ပိုင်ရှင်ကိုပဲ လေလံပြန်ပစ်ပေးလိုက်တာပေါ့။ တရုတ်ရော၊ ထိုင်းရော အကုန်ပါတာပေါ့”ဟု ပြောသည်။

တရုတ်မှ တင်သွင်းနေသော စက္ကူတထုပ် (အရွက်ရေ ၅၀၀ ပါ ၇၀ ဂရမ်) လျှင် ပြီးခဲ့သည့်ကာလတွင် ကျပ် နှစ်သိန်း ဝန်းကျင်ရှိခဲ့ရာမှ ယခုရက်ပိုင်း၌ ကျပ်နှစ်သိန်းခွဲအထိ ဈေးတက်လာကြောင်း မန္တလေး ဒေသခံ ပုံနှိပ်မိတ္တူလုပ်ငန်း လုပ်ကိုင်သူတဦးကပြောသည်။

မူဆယ်ဒေသခံ တဦးက “မူဆယ်မှာတော့ လူဝင်/လူထွက်လောက်ပဲ ရသေးတယ်။ ကုန်ပစ္စည်းတွေကတော့ ကန့်သတ်ထား ဆဲပဲ။ မြို့မှာတော့ချက်ချင်း မသိသာသေးပေမယ့် ကုန်သွယ်ရေးပိတ်တော့ ဈေးကွက်မှာရိုက်ခတ်မှုရှိတယ်။ ဈေးတွေ တက် ရိပ်ပြနေပြီ။ စားသောက်ကုန်တွေပေါ့၊ ကုန်သည်သဘောအရ ဈေးဆွဲတင်တာရှိတယ်။ ဝယ်ရခက်တယ်။ ခေါက်ဆွဲခြောက် တို့ ဘာတို့က နည်းနည်းတော့ ဝယ်ရခက်လာတယ်”ဟုပြောသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာပြီးနောက် လိုင်ဇာ၊ မိုင်ဂျာယန်၊ ကန်ပိုက်တီ၊ ပန်ဝါ အပါအဝင် နယ်စပ်ဂိတ်များကို ပိတ်လိုက်သဖြင့် ကုန်ပစ္စည်းတချို့ပြတ်လပ်နေသလို ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ဂိတ်များကိုလည်း တရုတ်ဘက်မှ ပိတ်ထားသောကြောင့် မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ ကွတ်ခိုင် အစရှိသည့် ရှမ်းမြောက်ဒေသများတွင် ဆေးဝါးများ ပြတ်လပ်နေပြီး စားသောက်ကုန်ဈေးနှုန်းများမှာလည်း အဆမတန် မြင့်တက်နေဆဲ ဖြစ်သည်။

ဗန်းမော်ဒေသခံတဦးက “နယ်စပ်ဂိတ်အခြေအနေကတော့ ဘာမှ မရပါဘူးဗျ။ အကုန်ပိတ်ဆို့ထားပါတယ်။ ကန်ပိုက်တီ တင်မကဘူး။ ကချင်ပြည်နယ်နဲ့ စပ်နေတဲ့ တရုတ်နယ်စပ်ဂိတ်တွေ အကုန်လုံးပိတ်သွားတယ်။ မှောင်ခိုရော၊ တရားဝင်ရော အဝင်မခံဘူး။ စားရေးသောက်ရေးကတော့ အခြေအနေ တော်တော်ဆိုးတယ်ဗျ။ ကျနော်တို့လည်း ဘေးကင်းတဲ့နေရာလေး ရှောင်နေရတယ်”ဟုပြောသည်။

အလားတူ ထိုင်းနိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများကိုလည်း စစ်ကောင်စီမှ ဖမ်းဆီးနေသောကြောင့် တင်သွင်းမှု အခက်အခဲများဖြစ်ကာ ဈေးနှုန်းပြောင်းလဲခြင်းများ ဖြစ်နိုင်ကြောင်း ကုန်သည်အချို့က လူမှုကွန်ရက်တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

စစ်ကောင်စီက ဖမ်းဆီးရာတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ် မော်လမြိုင်တို့တွင် ၁၂ ဘီး တွဲကားတစီးလျှင် ကျပ်သိန်းထောင်ချီပေး၍ ဒဏ်ငွေဆောင်ပါက ပြန်လည် ရွေးယူနိုင်ကြောင်း ကုန်သည်များထံက သိရသည်။

တရားမဝင်ကုန်ပစ္စည်းတင်သွင်းမှုများကို ဖမ်းဆီးရာတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ဩဂုတ်လကုန်အထိ ကျပ်ဘီလီယံပေါင်း ၃၀၀ ကျော်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဖမ်းဆီးထားပြီး ယင်းပစ္စည်းများကို ရွေးယူဒဏ်တပ်ရိုက်ခြင်း သို့မဟုတ် လေလံပစ်ခြင်း ပြုလုပ်ကြောင်း အောက်တိုဘာ ၉ ရက်ကပြုလုပ်သော တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အစည်းအဝေး (၄/၂၀၂၄) မှ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *