ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း နှစ်ရက်ဆက်တိုက်ခိုက်ခံရ

ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း နှစ်ရက်ဆက်တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ကျေးရွာများအား စစ်ကြောင်းထိုးနေသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်ကို နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

အောက်တိုဘာ ၂၅ ရက် နံနက် ၇ နာရီခန့်က ကြို့ပင်ကောက်နယ်၊ ကွင်းချောင်းကျေးရွာဘက်မှလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ (Black Dragon GBK-PDF)မှ ဥယျာဥ်ကြီးကျေးရွာထိပ်၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားခြောက်ဦး နေရာတင် သေဆုံးပြီး ဒဏ်ရာရသူများဖြင့် ဖရိုဖရဲဖြစ်နေချိန် တော်လှန်ရေးရဲဘော်များက (၄၀) မမများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားငါးဦး ထပ်မံသေဆုံးခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု ၁ နာရီခန့် ကြာဖြစ်ပွားခဲ့သည်ဟု တပ်ရင်းတာဝန်ရှိသူက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်သားများသည် ဥယျာဥ်ကြီးရွာ၌ နောက်ချန်အင်အား ၅၀ ခန့်ဖြင့်အထိုင်ချ၍ ကျန်အင်အား ၅၀ ခန့်ကို အနီးဝန်းကျင်ကျေးရွာများသို့ ဖြန့်ကျက်နေရာယူခဲ့ကြောင်း စုံစမ်းသိရသည်။

သို့ဖြစ်ရာ အောက်တိုဘာ ၂၆ ရက် နံနက် ၆ နာရီခန့်တွင် ဥယျာဥ်ကြီးရွာမှ အင်အား ၃၀ ခန့်ဖြင့်ထွက်လာသော စစ်တပ်စစ်ကြောင်းကို အေးရွာလေးရွာထိပ်အရောက်တွင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၆)မှ ရဲဘော်များက ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးခန့် နေရာတင်သေဆုံးသွားရာ ဖောကားနှစ်စီးဖြင့် တပ်ကူများထပ်မံရောက်ရှိလာပြီးနောက် သေဆုံးသူများနှင့် ဒဏ်ရာရသူများကို ဖောကားများဖြင့် ပြန်လည်သယ်ဆောင်သွားသည်ဟု တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူက ပြောသည်။

“ပဒေသာမိုင်းလေးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ချိန်မှာ ၁၀ ယောက်က နေရာတင်ပွဲချင်းပြီးသေတယ်။ အယောက် ၃၀ မှာ ၁၀ ယောက်သေပြီး ကျန်တဲ့သူတွေကလည်း အကျိုးအပြတ်တွေများပြီးတော့ စစ်ကူလာတဲ့အဖွဲ့က ဖောကားတွေနဲ့ပြန်သယ်သွားတယ်”ဟု ၎င်းက ရှင်းပြသည်။

နှစ်ရက်ဆက်တိုက်ခိုက်ခံရ၍ အထိနာသွားသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ဥယျာဥ်ကြီးရွာမှ စိတ်ဝေဒနာရှင်တစ်ဦးအပါအဝင် သက်လတ်ပိုင်းအမျိုးသားနှစ်ဦးအား ပစ်သတ်ခဲ့သည့်အပြင် အေးရွာလေးမှရုံးချောင်းရွာမှာ လူငယ်တစ်ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားရာကျေးရွာများအနီးဝန်းကျင်ကျေးရွာတစ်ရွာဖြစ်သော ကံဦးကျေးရွာမှ အမျိုးသားတစ်ဦးမှာလည်း စစ်တပ်ထောင် ထားသည့် နင်းမိုင်းနင်းမိကာ အသက်ဆုံးရှုံးခဲ့ရသည်ဟု ဒေသတော်လှန် ရေးသတင်းရင်းမြစ်များက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများ ဥယျာဥ်ကြီးရွာ၌ဆက်လက်တပ်စွဲထားရာ ဒေသခံပြည်သူဆယ်နှင့်ချီ ပိတ်မိခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များက ဘေးလွတ်ရာကယ်ထုတ်ခဲ့ရပြီး နှစ်ဘက်စစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

(တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Dragon GBK-PDF မှရဲဘော်အချို့အားတွေ့ရစဥ်။ ဓာတ်ပုံ – ပေးပို့)


Comments

Leave a Reply

Your email address will not be published. Required fields are marked *