ဘုတလင်တွင် ဒုတိယအကြိမ် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်၊ မြင်းမူတွင် စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ဘုတလင်တွင် ဒုတိယအကြိမ် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်၊ မြင်းမူတွင် စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ဒုတိယအကြိမ် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း North Western People Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဘုတလင်မြို့နယ်အတွင်း လှည့်လည်၍ လူသတ်၊ အကြမ်းဖက်နေသော စစ်တပ် စစ်ကြောင်းကို North Western People Defence Force – N.W.P.D.F (အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်) ၊ ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်း၏ တပ်ရင်းရုံး စစ်ကြောင်း နှင့် ဘသူကြွယ်စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များက မိုင်း ၁၄ လုံးဖြင့် ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှာ အထိခိုက်မှုရှိပြီး သေဆုံးမှုအရေအတွက်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊

မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဘုတလင်မြို့အတွင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သား တချို့ပြန်လည် ပို့ဆောင်ခဲ့ပြီး နမခတပ်ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးရှိ ရေဦးဆီဆိုင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယနေ့‌ အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် မြင်းမူမြို့နယ် ၊ ဝမ်းပြည့်ကျေးရွာ အနီး ရေဦး ဆီဆိုင်၌ အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်သားများကို Drone ဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ နေထိုင်ရာ စခန်းအတွင်းသို့ တိတိကျ ကျဲချနိုင်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ဗုံးသီးက ၄ လုံးချခဲ့တာ။ စခန်းတည့်တည့်ကို ချနိုင်ခဲ့တယ်။ ထိခိုက်သေဆုံး ပျက်စီးမှုကတော့ စုံစမ်း လို့မရသေးဘူး။ ထိခိုက်မှုရှိလို့ ပြန်ပစ်တာ အချက်ရေတော်တော်များများ ပြန်ပစ်တယ်။ တပ်စွဲထား တဲ့အင်အားက ၅၀ ကျော်လောက်ရှိမယ်”ဟု Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK-PDF MMU) ၊ မြင်းမူ မြို့နယ် (ပ.က.ဖ) ၊ S.R.F. နှင့် Black Eagle Defence Force (M.M.U) စသည့် ညီနောင် မဟာမိတ် များမှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက လက်နက်ကြီး ၊ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – North Western People Defence Force တပ်ဖွဲ့မှ တော်လှန်ရေး တပ်ဖွဲ့ဝင်များ


Comments

Leave a Reply

Your email address will not be published. Required fields are marked *