ငဖဲမြို့နယ်တွင် အမ်းမြို့သို့ ရိက္ခာပို့ပြီး ပြန်လာသော စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

ငဖဲမြို့နယ်တွင် အမ်းမြို့သို့ ရိက္ခာပို့ပြီး ပြန်လာသော စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ တိုက်ခိုက်ခံရ၍ မောင်းပြေးသည့် စစ်ကား တိမ်းမှောက်သဖြင့် စစ်သားများ ထပ်မံသေဆုံးပြန်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ရခိုင်ပြည်၊ အမ်းမြို့နယ်သို့ ရိက္ခာပို့ပြီး ပြန်လာသော စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF) ပြန်ကြားရေးတာဝန်ခံ ဆလိုင်ရခနီလေဗွေ ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ငဖဲမြို့နယ် ၊အမ်း-ပဒါန်း လမ်းပိုင်းတွင် အမ်းမြို့နယ်ဘက်သို့ ရိက္ခာပို့ပြီး ပြန်လာသော စစ်ကောင်စီကား ၂ စီး၊ ဆိုင်ကယ် ၂ စီးပါ စစ်ယာဉ်တန်းကို အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့်မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမဟာမိတ်တို့က ပူးပေါင်း၍ တိုက်ခိုက် ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်သား (၁၀) ဦးသေဆုံးပြီး အမြောက်အများ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် အဆိုပါ စစ်ကားတန်းမှ စစ်ကား ၂ စီးသည် တိုက်ခိုက်ခံရသဖြင့် အမြန် မောင်းနှင်ပြေးထွက်သွားခဲ့ကြောင်း၊ အမြန်မောင်းနှင်သွားသော စစ်ကားမှာ စွန်တဲနှင့်လင်းတဲအကြားတွင် ချောက်ထဲသို့ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကြောင်း၊ ကားမှောက်မှုကြောင့် ကားပေါ်ပါ စစ်သား ၁၈ ဦးအနက်မှ ၁၂ ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဖြစ် စဉ်က ၂ ခုပါ။ တိုက်ပွဲ ဖြစ်တာက မွန်းတည့် ၁၂ နာရီမှာ။ ဖြစ်တာက ၁ နေရာ။ အဲဒီမှာ တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးလောက်သေတယ်။ အဲဒီကနေ ကားကအမြန်မောင်းသွားတော့ စစ်ကား ချောက်ထဲ ကျတယ်။ ညနေ ၃ နာရီ ဝန်းကျင်မှာ အင်အား ၁၈ ဦးပါတဲ့ စစ်ကားက အမြန်မောင်းတော့ စွန်တဲ နဲ့ လင်းတဲ ကြားထဲမှာ ချောက်ထဲကျပြီး မှောက်တယ်။ ၆ ဦးအသက်ရှင်တယ်။ ၁၂ ဦးသေတယ်” ဟု အရှိုချင်းကာကွယ်ရေးတပ် (ACDF) ပြန်ကြားရေးတာဝန်ခံ ဆလိုင်ရခနီလေဗွေက ဆက်လက်ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက ရခိုင်ပြည်၊ အမ်းမြို့ဘက်သို့ စစ်အင်အားဖြည့်တင်းရန်နှင့် ရိက္ခာပေးပို့ရန်အတွက် မကွေးတိုင်း ၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းမှ သွားလာလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ-တနင်္သာရီတိုင်း၊ ထားဝယ်တွင် ယခုနှစ် ဖေဖော်ဝါရီလအတွင်း ရိက္ခာသယ် စစ်ယာဉ်တန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့စဉ်က သေဆုံးခဲ့သော စစ်သားတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *