ကျပ်ဘီလီယံချီတန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ဆက်စပ်ပြီး ပြည်ဒုခရိုင်ရဲမှူးအပါ အဆင့်မြင့်ရဲအရာရှိ ၄ ဦး ဖမ်းဆီးခံရကာ ပြည်အကျဉ်းထောင်မှာ အကျယ်ချုပ်ထားရှိ
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ ကျပ်ငွေဘီလီယံချီတန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ဆက်စပ်ပြီး ခရိုင်ဒုတိယရဲတပ်ဖွဲ့မှူးအပါ ရဲအရာရှိ ၄ ဦး ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ စုံစမ်းဖော်ထုတ် သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ပြည်ခရိုင်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်၊ ပန်းတောင်းမြို့မရဲစခန်းမှူး ဒုရဲမှူး တင်မောင်နိုင်နဲ့ ရဲအုပ်ဗလအောင်ကျော်စိုး တို့ဖြစ်ပြီး ၎င်းတို့ကို မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုပြီး ဇူလိုင်လနဲ့ ယခုနိုဝင်ဘာလ ဒုတိယအပတ်တွေမှာ နေပြည်တော်နဲ့ တိုင်းအဆင့်အထူးစစ်ဆေးရေးအဖွဲ့တွေက အသီးသီးဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“ဒုခရိုင်ရဲမှူးက လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက ဖမ်းခံရတာပါ။ ပြည်အကျဉ်းထောင် ထောင်ပိုင်အိမ်မှာပဲထားပါတယ်။” လို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီရင်းမြစ်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်က တန်ဖိုးငွေကျပ် ၁ ဒသမ ၇၄ ဘီလီယံတန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၁၁ ဒသမ ၆ သိန်း ကို ပန်းတောင်းမြို့နယ်၊ ရွှေပြည်သာကျေးရွာမှာ စစ်ကောင်စီဘက်က ဖမ်းဆီးရမိခဲ့မှုအပေါ် မူးယစ်ဆေးဝါးအလွဲသုံးမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC-Myanmar) က သတင်းထုတ်ပြန်ခဲ့ပြီးနောက် နောက်ဆက်တွဲပတ်သက်ဆက်စပ်သူတွေကို ၅ လကြာအောင် စုံစမ်းဖော်ထုတ်ပြီး ယခုလို လိုက်လံဖမ်းဆီးနေတာပါ။
ပြည်ဒုခရိုင်ရဲတပ်ဖွဲ့မှူးမောင်မောင်မြင့် ကို ဇူလိုင်လနှောင်းပိုင်းကတည်းက ၎င်းနေထိုင်ရာ နဝင်းရဲရိပ်သာထဲမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ၎င်းကို မဖမ်းဆီးမီ ရဲအုပ်ဗလအောင်ကျော်စိုး ကို ကနဦးဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဗလအောင်ကျော်စိုးဟာ ဒုရဲအုပ်ရာထူးရှိစဉ်က ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ရဲစခန်းမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ရင်းမြစ်တွေက မြေလတ်အသံကို ပြောပါတယ်။
အဲဒီနောက် ၄ လနီးပါးအကြာ နိုဝင်ဘာ ၈ ရက်မှာ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးသန်းလွင် ကိုထပ်မံဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်မှာတော့ ပန်းတောင်းစခန်းမှူးတင်မောင်နိုင်ကို ဆက်လက်ဖမ်းဆီးခဲ့ပါတယ်။
“စခန်းမှူးကိုဖမ်းချိန်မှာ ဒေသတွင်းဌာနက ဘယ်သူမှမသိဘူး။ တိုင်းမှူးအဖွဲ့ရောက်လာပြီး မြို့နယ်ကို ပတ်စစ်တယ်။ သူ့ကိုတခါတည်းကားပေါ်တက်ဆိုပြီး ပြည်ကိုခေါ်သွားတာ။ ပြည်ရောက်တော့ အထဲဝင်တော့ဆိုပြီး ထောင်ထဲတန်းထည့်တာပဲ။” လို့ ရဲတပ်ဖွဲ့ရင်းမြစ်တစ်ဦး က ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက လစ်လပ်နေတဲ့ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲမှူးနေရာအတွက် ဖမ်းဆီးပြီးရက်ပိုင်းအတွင်းမှာပဲ ဒုရဲမှူးကျော်သီဟ ဆိုသူကို မြို့နယ်ခေတ္တရဲတပ်ဖွဲ့မှူးအဖြစ် ခန့်အပ်ထားခဲ့ကာ နိုဝင်ဘာ ၁၃ ရက်က မြို့နယ်အတွင်းမှာရှိတဲ့ ရဲမှုထမ်းဟောင်းတွေနဲ့အတူတွေ့ဆုံကာ လူလုံးထုတ်ပြခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ အဆင့်မြင့်အရာရှိတွေကို ပြည်အကျဉ်းထောင်မှာပဲ ထားရှိပြီး ရဲအုပ်ဗလအောင်ကျော်စိုးကိုတော့ ကြားနာစစ်ဆေးပြီးတရားစွဲဆိုရန် အဆင့်ကိုရောက်နေပြီလို့ သိရပါတယ်။
“စစ်ဆေးလို့ရလာတဲ့ ဖော်ချက်တွေနဲ့လိုက်တာ။ အချင်းချင်းဖော်ကြတာ။ တကယ်တမ်း မူးယစ်ဆေးဝါးတွေကို ဖမ်းမိတာက ပြည်သူ့စစ်တွေ၊ အထက်ကလာသိမ်းပြီး တဖက်လှည့်နဲ့ ပြန်ထုတ်သွားတာ။ အဲဒါကို ပြည်သူ့စစ်တွေက မကျေနပ်ဘူး။” လို့ ပြည်သူ့စစ်နဲ့နီးစပ်တဲ့ရင်းမြစ်တဦးကလည်း ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေဟာ အမ်းမြို့နယ်ကို ပို့ဆောင်မယ်လို့ ဖော်ပြထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်လျှက် ရှိတယ်လို့ CCDAC Myanmar က ထုတ်ပြန်ပါတယ်။
CCDAC Myanmar က ထုတ်ပြန်ထားတဲ့သူတွေဟာ ရခိုင်ရိုးတလျှောက် ကုန်ထမ်းကယ်ရီ ပို့ဆောင်သူတွေသာဖြစ်ပြီး အဓိကတရားခံတွေ မဟုတ်ကြဘူးလို့ ရခိုင်ပြည်နယ်နဲ့ ကုန်စည်ကူးသယ်နေသူတွေဆီက သိရပါတယ်။
“သူတို့တွေက မူးယစ်ဆေးဝါးရယ်လို့ မသိကြဘူး။ ဒီအတိုင်းပဲ ကားလမ်းတွေပိတ်ထားတော့ ရိုးထဲက မှောင်ခိုလမ်းတွေမှာ ကုန်ထမ်းကယ်ရီတွေ အခကြေးငွေ သိန်းနဲ့ချီရပြီး ကုန်ပို့နေကြတာ။ မိတော့ သူတို့က လက်သည်ဖြစ်သွားတာပေါ့၊ လက်ဝယ်မမိတဲ့သူတွေကတော့ ငြင်းကြမှာပါ၊ ငြင်းတဲ့အထဲ အကောင်ကြီးတွေ ပါသွားတာ။” လို့ သူက ဆိုပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်နဲ့ရခိုင်နယ်စပ်ရိုးတလျှောက်ဟာ စစ်အာဏာမသိမ်းခင်ကတည်းက မူးယစ်ဆေးဝါးအများအပြား ကူးသန်းသယ်ဆောင်နေရာဖြစ်ပြီး စစ်အာဏာသိမ်းပြီးချိန်မှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့အကြီးပိုင်းတွေရဲ့ မူးယစ်ကုန်သွယ်မှု စိတ်ကြိုက် လုပ်ကိုင်ခွင့်ရနေတဲ့နေရာလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၆ ဒီဇင်ဘာ ၁၀ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် ပန်းတောင်း-တောင်ကုတ် တောင်ကြားလမ်းက ညောင်ကျိုးစစ်ဆေးရေးဂိတ်အနီးမှာ ဆီပေပါ ၁၅ လုံးနဲ့ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်း တင်ဆောင်လာတဲ့ ခြောက်ဘီးတပ် အပြာရောင် (FAW-SKAT) မော်တော်ယာဉ်ကို ဖမ်းဆီးမိခဲ့ပြီး ဒီဖမ်းဆီးရမိမှုဟာ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးအကြီးမားဆုံး ဖမ်းဆီးရမိမှုတွေထဲမှာတခု အပါအဝင် ဖြစ်ပါတယ်။
စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းဖမ်းဆီးမှုမှာပူးပေါင်းဖော်ထုတ်ခဲ့သူ ဥသျှစ်ပင်မြို့ကအရပ်သားတဦးဖြစ်တဲ့ ကိုရာဇာကိုတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၆ ဒီဇင်ဘာလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ဆုချီးမြှင့်ခဲ့ပြီး နောက်ပိုင်းမှာတော့ မကြာခဏဆိုသလို အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုတွေကြောင့် တိမ်းရှောင်ခဲ့ရပြီးမထင်မရှား နေထိုင်သွားခဲ့ရဖူးပါတယ်။
Leave a Reply