အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နှစ်ဖာလုံအကွာတွင် AA ဘက်ကထိုးစစ်ဆင်မှုကြောင့် အနီးကပ်တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။
အမ်း-စစ်တွေ ကားလမ်းပေါ် ရှိ နပခမှ နှစ်ဖာလုံအကျော် ဆင်တိုးကျေးရွာတွင် (ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်)က စကာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။
တရက်တည်းပင် နပခမှ တမိုင်နှင့်လေးဖာလုံအကွာ အမ်း-မအီလမ်းဆုံရှိ ကျော်စံစက်သုံးဆီဆိုင်(KS Petrol)အနီးတွင်လည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်းအမ်းမြို့သတင်းရင်းမြစ်ကပြောသည်။
“မနေ့ကအထိ အနီးကပ် ရင်ဆိုင်တိုက်ပွဲဖြစ်နေတာ။ နပခနဲ့တော်တော်နီးနေပြီ။ လောလောဆယ် နပခဘက်က ပစ်တဲ့ လက်နက်ကြီးရော AA ဘက်က ပစ်တဲ့ လက်နက်ကြီးအသံလည်းတိတ်သွားပြီ။ လက်နက်ငယ်သံတွေပဲ ကြားရတယ်။ လေကြောင်းက စစ်ကောင်စီက Y-12 ရော ဂျက်ဖိုက်တာရော ဒရုန်းရော နေ့စဥ်မပြတ်ပစ်တယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲထိတွေ့မှုမရှိသေးသည့် အမ်းမြို့မရဲစခန်းမှ တပ်ကြပ်စာရေးအပါအဝင် ရဲတပ်သား လေးဦးမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က တောလမ်းမှတဆင့်ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
“AA က ဆီ အဖမ်းခံရမှာကြောက်လို့ ထင်တယ်။အဲ့ဒီနေ့က တရက်တည်း ပြေးကြတာ။ အမ်းရဲစခန်းမှာနာမည်ဆိုးနဲ့ လူသိများတဲ့အမ်းမြို့မ စခန်းမှူး/ဒုရဲမှူး မျိုးကြည် လက်သပ် မွေးထားတဲ့ ဂတ်စာရေး တပ်ကြပ်ကြီးရဲဆွေလည်း ပြေးတဲ့အထဲမှာ ပါသွားပြီ ။ သူတို့အထဲက တိုးတိုးတိတ်တိတ်ဆက်သွယ်လာတာ သူတို့ပြေးနေကြတုန်းပဲ။ လေးရက်လောက်ကြာမယ်”ဟု၎င်းကပြောသည်။
အဆိုပါ အမ်းမြို့မရဲစခန်းကို AA က ထိုးစစ်ဆင်ခြင်းမရှိသေးသော်လည်း ရဲစခန်းအနီးရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအဆောက်အုံအချို့တွင် AA ကနေရာယူထားပြီးဖြစ်ကြောင်းဒေသခံများ၏ အဆိုအရ သိရသည်။
လက်ရှိ အမ်းမြို့တွင် အပြင်စည်းဖြစ်သည့် မဲတောင်ဗျူဟာကုန်း၊ တောဟိန်းတောင်ဗျူဟာကုန်းကြီးများ၊ ကာကင်းစခန်းများအပြင် တပ်ရင်း၊ တပ်ဖွဲ့ ရှစ်ခုကို အာရက္ခတပ်တော်(AA)ကသိမ်းပိုက်ထားကြောင်း AA ကထုတ်ပြန်ထားသည်။
ကျန်ရှိ နေသေးသောစခန်းများဖြစ်သည့် နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲနှင့် အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း တဆက်တည်းထုတ်ပြန်ကြေညာထားသည်။
ထို့အပြင် သိမ်းပိုက်ရရှိထားပြီးသောစခန်းများမှ ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသောကြောင့် အမ်း၊ နပခဌာနချုပ်ရှိရာ အနီးနားပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း AA ကဆိုသည်။
လက်ရှိရခိုင်ပြည်နယ်တွင် အမ်းမြို့အပါအဝင် မောင်တော(နခခ-၅)၊ဂွမြို့နှင့်တောင်ကုတ်မြို့တို့တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ရေးတင်းမာဆဲဖြစ်သည်။
ပုံအညွှန်း-သိမ်းပိုက်ထားသည့်စစ်ဆေးရုံအရှေ့ရှိအာရက္ခတပ်တော်(AA)စစ်သည်များ
Leave a Reply