စစ်ကောင်စီ၏ တင့်ကားနှင့် ဒရုန်းများပါဝင်သည် စစ်ကောင်စီတပ်ဖွဲ့သည် ဗန်းမော်နှင့် မိုးမောက်ကြားကို စစ်ကြောင်းထိုးလာ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကောင်စီသည် ယနေ့ နိုဝင်ဘာ ၁၇ရက်နေ့ နံနက် ၅နာရီခန့်မှစ၍ ဗန်းမော်နှင့်မိုးမောက်ကြား ၇ မိုင်၊ အောင်မြင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာရာ KIAနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“၇မိုင်ဘက်ကို စစ်ကြောင်းထိုးလာတာ ဩဂုတ်ကတည်းကပဲ။ ခမရ ၄၃၇ကို ပြန်ရဖို့လာတယ်လို့ ပြောနေတယ်။ ဒရုန်းတပ်ဖွဲ့ပါပါလာတယ်တဲ့” ဟု မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က မိုးမောက်ရှိ ခမရ ၄၃၇တပ်ရင်းကို ပြီးခဲ့သည့် ဩဂုတ် ၁၉က လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် တပ်စခန်းပြန်ရရန် မကြာခဏ ထိုးစစ်ဆင်မှုများပြုလုပ်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၀ရက်နေ့ကလည်း တင့်ကားလေးစီးပါ စစ်ကောင်စီ စစ်ကြောင်းသည် အောင်မြင်ရွာအနီး စစ်ကြောင်းထိုးလာသော်လည်း KIA ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် တပ်ဆုတ်သွားခဲ့ရသည်။
စစ်ကောင်စီသည် ယခုကဲ့သို့ စစ်ကြောင်းမထိုးခင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ရက်နေ့က ကုန်းလော ကျေးရွာ ကချင်နှစ်ခြင်း ခရစ်ယာန်ကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ခုနစ် ဦးအပါအဝင် ဒေသခံ ကိုး ဦး သေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။
မိုးမောက်နှင့် ဗန်းမော်ကြားကို ထိုးစစ်ဆင်မှုများပြုလုပ်လာသည့် စစ်ကောင်စီမှာ ဗန်းမော်အခြေစိုက် အမှတ်(၂၁) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂၁) ဖြစ်ပြီး အင်အားစုဖွဲ့၍ ထိုးစစ်ဆင်လာခြင်း ဖြစ်ကြောင်း သိရသည်။
Leave a Reply