စစ်ကောင်စီအသက်ဆက်နိုင်ရေး ယွမ်ငွေဘီလီယံချီ တရုတ်ကူညီမည်
စစ်ကောင်စီအသက်ဆက်နိုင်ရေးအတွက် ဘီလီယံချီသည့်ယွမ်ငွေများ အကူအညီပေးရန် တရုတ်အစိုးရက ပြင်ဆင်နေကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။
စစ်ကောင်စီအသက်ဆက်နိုင်ရေးအတွက် ယွမ်ငွေ ဘီလီယံချီသည့် အကူအညီပေးရန် တရုတ်အစိုးရက ပြင်ဆင်နေကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။
Myanmar Now က ရရှိသည့် စစ်ကောင်စီ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတွင်း စာရွက်စာတမ်းများအရ သန်းခေါင်စာရင်းကောက်ယူရေးအပါအဝင် တရုတ်ယွမ်ငွေ ၁ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၃၀ သန်းကျော်) ကုန်ကျမည့် စီမံကိန်းအခု ၂၀ ကို တရုတ်အစိုးရပေးမည့် အကူအညီဖြင့်လည်ပတ်မည်ဟုဆိုသည်။
နှစ်ဖက်ဆွေးနွေးမှုသည် နိုဝင်ဘာလဆန်းတွင်စတင်ခဲ့ပြီး မကြာသေးမီက စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်အတွင်း ထိုစီမံကိန်းများကို သဘောတူခဲ့ကြောင်း နားလည်ရသည်။
စစ်ကောင်စီဘက်ကတောင်းဆိုသည့် နောက်ထပ်စီမံကိန်း ၇၇ ကိုလည်း အကူအညီပေးရန် တရုတ်နှင့်စစ်ကောင်စီတို့ အကြား ဆွေးနွေးဖွယ်ရှိကြောင်း ပေါက်ကြားလာသည့်မှတ်တမ်းများအ ရသိရသည်။ ထိုအထဲတွင် ရာနှင့်ချီသည့် ရဲကားများ၊ စစ်ဆေးရေးဂိတ်များတွင် မျက်နှာသွင်ပြင်မှတ်တမ်းတိုက်ဆိုင် စစ်ဆေးသည့်စနစ်များ အကူအညီပေးရန်လည်း ပါဝင်သည်။
စီမံကိန်းအားလုံးအတွက် တရုတ်၏အကူအညီသည် ယွမ်ငွေ ၄ ဘီလီယံ( အမေရိကန်ဒေါ်လာသန်း ၅၅၀ ကျော်) အထိရှိကြောင်း Myanmar Now ကရရှိသည့် စာရွက်စာတမ်းများတွင် ရေးသားထားသည်။
၂၀၂၀ ဇန်နဝါရီလအတွင်းက တရုတ်သမ္မတရှီကျင့်ဖျင် နေပြည်တော်သို့ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံကို သုံးနှစ်အတွင်း ယွမ်ငွေ ၄ ဘီလီယံ အကူအညီပေးမည်ဟု သဘောတူခဲ့သည်။
စစ်ကောင်စီအတွက်တရုတ်၏အကူအညီသည် ထိုသဘောတူချက်အရ ပေးခြင်း ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်းမသိရသေးပေ။
သန်းခေါင်စာရင်းအပါအဝင် ကနဦးစီမံကိန်း ၂၀
စစ်ကောင်စီကတောင်းခံထားသည့် တရုတ်ယွမ်ငွေ ၁ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၃၀ သန်းကျော်) အနက် ၁၅ ရာခိုင်နှုန်းခန့်ဖြစ်သည့် ယွမ်သန်း ၁၅၀ ကျော်သည် သန်းခေါင်စာရင်းကောက်ခံရေးအတွက်ဖြစ်သည်။
တရုတ်ငွေဖြင့် သန်းခေါင်စာရင်းကောက်ခြင်း၊ စာရင်းပြုစုခြင်း၊ အချက်အလက်ဆန်းစစ်ခြင်းနှင့် စာရင်းကောက်မရသည့် ဒေသများတွင် လူဦးရေခန့်မှန်းခြင်းတို့ကို အသုံးပြုမည်ဟု စစ်ကောင်စီ၏အဆိုပြုချက်တွင်ပါဝင်သည်။
မူလကအောက်တိုဘာလကုန်အထိသာ သန်းခေါင်စာရင်းကောက်မည်ဟု စစ်ကောင်စီကကြေညာခဲ့သော်လည်း တရုတ်အကူအညီရခဲ့ပြီးနောက် ယခုနှစ်ကုန်အထိ တိုးချဲ့မည်ဟု စစ်ခေါင်းဆောင်ကဆိုသည်။
စစ်ခေါင်းဆောင်၏တရုတ်နိုင်ငံခရီးစဉ်အပြီး ၎င်း၏ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးသည် အောက်တိုဘာ ၁၇ ရက်နေ့မှစတင်ပြီး တရုတ်နိုင်ငံ ရှန်ဟိုင်းနှင့်ကွမ်ကျိုးမြို့များသို့သွားကာ သန်းခေါင်စာရင်းအတွက် တရုတ်အာဏာပိုင်များနှင့် ဆွေးနွေးနေသည်။
စစ်ကောင်စီသည် ယခုကောက်ယူနေသည့် သန်းခေါင်စာရင်းကိုအခြေခံပြီး ၎င်းတို့ဦးဆောင်မည့် ရွေးကောက်ပွဲအတွက် မဲစာရင်းအဖြစ်အသုံးပြုမည်ဟု ကြေညာထားသည်။
ရွေးကောက်ပွဲကို လာမည့်နှစ်တွင် ကျင်းပမည်ဟု စစ်ကောင်စီက ကြေညာထားသည်၊ နှစ်ကုန်ပိုင်းတွင် ကျင်းပနိုင်သည်ဟု ခန့်မှန်းသူများရှိသော်လည်း စစ်ကောင်စီဘက် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။ စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် အတိုက်အခံ အင်အားစုက နိုင်ငံတကာကို တောင်းဆိုထားကြသည်
တရုတ်အကူအညီဖြင့် ပြုလုပ်လိုသည့် အခြားစီမံကိန်းများတွင် မန္တလေးတိုင်း၊ ကျောက်ဆည်ရှိ ရဲရွာလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးစက် အကြီးစားပြုပြင်ခြင်း နှင့် အဆင့်မြှင့် တင်ခြင်းလုပ်ငန်း၊ ရန်ကုန်တိုင်း သန်လျင် အမှတ်(၁) တံတား နှင့် အင်းစိန်မြို့နယ်ရှိ အောင်ဇေယျကြိုး ဆိုင်းတံတားအကြီးစားပြုပြင်ခြင်းစီမံကိန်း စသဖြင့်ပါဝင်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန် နှင့် တောင်ကိုရီးယားကဲ့သို့ မြန်မာ့ဖွံ့ဖြိုးရေးအတွက် အကူအညီ ပေးနေသော နိုင်ငံများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် စစ်ကောင်စီကို ချေးငွေအသစ်များ ထုတ်မချေးတော့သလို ဆောင်ရွက်နေဆဲ စီမံကိန်းများမှ လွဲ၍ ဖွံ့ဖြိုးရေးစီမံကိန်းအသစ်များရပ်ဆိုင်းထားခဲ့ကြသည်။
တရုတ်နိုင်ငံကမူ စစ်ကောင်စီကိုဆက်လက်အကူအညီပေးရန် ဆုံးဖြတ်ထားကြောင်း ယခုပေါက်ကြားလာသော စီမံကိန်းအဆိုပြုလွှာများက သက်သေခံနေသည်။
တရုတ်က မြန်မာနိုင်ငံတွင် စစ်ကောင်စီ ဆက်အုပ်ချုပ်လျှင် နိုင်ငံရေးတည်ငြိမ်မှု ရနိုင်သည်ဟုယူဆသလို ဘဏ္ဍာငွေလိုအပ်နေသော စစ်ကောင်စီကို ချေးငွေထုတ်ပေးသည့်နည်းဖြင့် ပိုထိန်းချုပ် ကိုင်တွယ်လိုသည့် သဘော ဖြစ်နိုင်သည်ဟု စင်ကာပူအခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။
“နှစ်နိုင်ငံကြား ချေးငွေပေးတယ်ဆိုတာက ရှင်းပါတယ်၊ တရုတ်မှမဟုတ်ပါဘူး၊ ဘယ်နိုင်ငံမဆိုပေါ့၊ သူတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး နဲ့ မဟာဗျူဟာအရေး ပတ်သက်ပြီးတော့ အစီအစဉ်ရှိတဲ့အတွက် ထုတ်ချေး ပေးတာမျိုးဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံချင်း ငွေချေးတာက သူတို့ရဲ့ အကျိုးစီးပွားကို ကြည့်ပြီး ချေးတာ” ဟု သူက ပြောသည်။
မကြာသေးမီရက်ပိုင်းက စစ်ခေါင်းဆောင်၏ ပထမဆုံးတရုတ်နိုင်ငံခရီးစဉ်အတွင်း၌လည်း တရုတ်နိုင်ငံ ဘက်က ရွေးကောက်ပွဲကျင်းပမည့်ကိစ္စရပ်အပါအဝင် စစ်ကောင်စီ၏ လုပ်ဆောင် ချက်များကို ထောက်ခံ အားပေးခဲ့သည်ဟု နိုဝင်ဘာ ၂၀ တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ကြောင်း ယမန်နေ့ထုတ် ဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။
ထို့အပြင် ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး လိုအပ်သည့် ကူညီမှုများကို ထောက်ပံ့ပေးမည်ဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူမှုများကိုလည်း တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးနေသည်ဟု သူကဆိုသည်။
မြန်မာစစ်တပ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဟုဆိုကာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီတွင် အာဏာသိမ်းခဲ့ပြီး NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အများအပြားပါကို ဖမ်းဆီးခဲ့သည်။
စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို မည်သည့်နိုင်ငံကမှ အထောက်အကူပြုသည့် လုပ်ရပ်မျိုး မလုပ်သင့်ဟု ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD အမတ် ဦးဘိုဘိုဦးက Myanmar Now သို့ ပြောသည်။
“ စစ်ကောင်စီဥက္ကဌဟာ သူ့ရဲ့ရှုံးနိမ့်မှုတွေကို သူ့နောက်လိုက်တွေကို ပြချင်ဟန်မရှိသလို နိုင်ငံတကာ က လည်း သူ့ကို ထောက်ခံသယောင် ပုံဖမ်းနေခြင်းသာဖြစ်ပါတယ်” ဟု သူက ပြောသည်။
လတ်တလောတွင် တရုတ်နိုင်ငံသည် မြန်မာစစ်တပ်သမိုင်းတစ်လျှောက်တစ်ခါမှမရှိခဲ့သော အထိနာမှုများ ကြုံတွေ့ရခဲ့သည့် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် ပူးပေါင်းအဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေး ဆက်လက်ထိုးစစ်တိုက်ခိုက်မှုများကို ရပ်တန့်ရန် ဖိအားပေးထားသလို တရုတ်-မြန်မာ နယ်စပ်မျဉ်း ပေါ်ရှိသည့် ကုန်သွယ်ရေးဂိတ်များကိုလည်း ကန့်သတ်ထိန်းချုပ်ထားသည်။
၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် မြောက်ပိုင်းမဟာမိတ်များနှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြော ကြားထားသေးသည်။
တရုတ်နိုင်ငံသည် တိုင်းရင်းသားတပ်ဖွဲ့များ၏ ထိုးစစ်ကြောင့် စစ်အုပ်စုပြုတ်ကျမည်ကို စိုးရိမ်နေသလို လားရှိုးမြို့မှ ကိုးကန့်တပ်များ ထွက်ခွာပေးရန်၊ အခြား တော်လှန်ရေး တပ်များနှင့် ပတ်သက်ခြင်း မပြုရန် ကိုးကန့်တပ်နှင့် မဟာမိတ်ဖြစ်သူ “ဝ” တပ်ဖွဲ့၏ ခေါင်းဆောင်များကို ဖိအားပေးထားသည်။ထို့အပြင် တရုတ်အစိုးရ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံရန် တရုတ်နိုင်ငံသို့ ခရီးထွက်ခဲ့သည့် ကိုးကန့်တိုင်းရင်းသား မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) ၏ ခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို တရုတ်အာဏာပိုင်များက အကျယ်ချုပ်ချထားသေးသည်။
Leave a Reply