စစ်အုပ်စု လုံခြုံရေး ယူခိုင်းပြီး ဝမ်ပေါင်ကုမ္ပဏီက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်း အားလုံးနီးပါး ပြန်လည်ပတ်

စစ်အုပ်စု လုံခြုံရေး ယူခိုင်းပြီး ဝမ်ပေါင်ကုမ္ပဏီက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်း အားလုံးနီးပါး ပြန်လည်ပတ်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းတွေ အားလုံးနီးပါး ပြန် လည်ပတ်နေသလို စက်ရုံထွက် ကြေးနီတွေကိုလည်း တရုတ်ဝမ်ပေါင်ကုမ္ပဏီက တစ်လတစ် ကြိမ်နှုန်းနဲ့ စစ်အုပ်စု လုံခြုံရေးကို အသုံးချပြီး ကုန်းကြောင်း၊ ရေကြောင်းကနေ သယ်ယူနေတယ်လို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီ ခေါင်းဆောင် ကိုလွမ်းသူက ပြောပါတယ်။

“အခုကတော့ ကြေးနီတွေ သယ်နေတာက လစဉ် ပုံမှန်လိုလို သယ်ထုတ်နေတာပေါ့။ တစ်လကို တစ်ကြိမ်နှုန်းနဲ့ ကြေးနီတွေ သယ်ယူနေတာ။ ကြေးနီတွေ သယ်တာကတော့ ဒီနှစ် ဇူလိုင်လ လောက်ကမှ စသယ်နေတာပေါ့။ အဲဒီ အချိန်တုန်းက ကျနော်တို့လည်း စစ်ဘေး ရှောင်လိုက်ရသေးတယ်။ သူတို့ (စစ်အုပ်စု) ကြေးနီသယ်တဲ့ အချိန်ကျရင်တော့ ကားနဲ့သယ်ရင် လမ်းဘေးက ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေ ရှောင်တိမ်းရတာတွေ ရှိတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေဘက်ကလည်း မိုင်းဆွဲတာတွေ ရှိတာပေါ့”

စစ်အုပ်စုက ကြေးနီတွေကို သယ်ယူရာမှာ မုံရွာ-ပုသိမ် ကားလမ်းကတဆင့် သယ်ယူတာရှိသလို ချင်းတွင်းမြစ် အတွင်းကနေ သင်္ဘောနဲ့ သယ်ယူဆောင်တာလည်း ရှိပြီး အဲဒီလို သယ်ယူချိန်မှာ မြေပြင်မှာ စစ်ကြောင်းထိုး လုံခြုံရေး ယူသလို မြစ်ကြောင်းပေါ်ကနေ လေယာဉ်နဲ့ လုံခြုံရေးယူပေးတာတွေလည်း လုပ်ဆောင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် စက်ရုံအလုပ်သမားတွေ CDM ပြု လုပ်ခဲ့တဲ့အတွက် စီမံကိန်းလုပ်ငန်းတွေ ၂၀၂၄ ခုနှစ် အစောပိုင်းကာလထိ ရပ်ဆိုင်းသွားခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *