ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ ၊ သေနတ် ၃ လက် သိမ်းဆည်းရရှိ
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရကာ သေနတ် ၃ လက် သိမ်းဆည်းရရှိကြောင်း CNA သတင်းရင်းမြစ်က ပြောဆိုသည်။
ဒီဇင်ဘာလ ၆ ရက်နေ့ CNA ဦးဆောင်သော ချင်းပြည်အစိုးရတပ်ဖွဲ့များက ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၁ ဦဒဏ်ရာရရှိကြောင်း၊ သေနတ် ၃ လက် သိမ်းဆည်းရရှိပြီး ယနေ့ အချိန်အထိ ကာကင်းကို သိမ်းပိုက်ရရှိရေး ဆက်လက် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။
“အဲဒီကာကင်းက လက်နက်ကြီးတွေ အများကြီးရှိတယ်။ ခမရ ၂၆၆ ကာကင်းပါ။ အခုထက်ထိလည်း တိုက်နေတုန်း။ တိုက်ပွဲဖြစ်နေတုန်းပဲ။ မနေ့က တိုက်ပွဲမှာ ဗိုလ်ကြီး အပါအဝင် ၁၁ ဦးဒဏ်ရာရတာ ဆေးကုနေကြတယ်။ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်လည်းရရှိပါတယ်” ဟု CNA သတင်းရင်းမြစ်က ဆိုသည်။
ယခုရက်ပိုင်းအတွင်း ချင်းတော်လှန်ရေးတပ်များက စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေရာ ချင်းပြည်နယ် ဟား ခါးနှင့် ထန်တလန်မြို့နယ် ကြားရှိ စစ်ကောင်စီ၏ C3 တပ်စခန်းကို ဒီဇင်ဘာလ ၄ ရက်နေ့တွင်လည်းကောင်း၊ ဟားခါးနှင့် ထန်တလန်ရှိ စစ်တပ်စခန်း၅ ခုထက်မနည်းကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလလဆန်းပိုင်းအထိ ချင်းပြည်အစိုးရတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်အရာရှိများ အပါအဝင် စစ်တပ်ဘက်မှ ၃၀ ဦးကျော်သေ ဆုံးကြောင်း၊ လက်နက်သိမ်းဆည်းမှု သေနတ် ၆၀ ကျော်၊ ခဲယမ်းများနှင့်အတူရရှိပြီး စစ်သုံ့ပန်း ၁၉ ဦး ဖမ်းဆီးရရှိကြောင်း CNA ထံမှ သိရှိရသည်။
Leave a Reply