မောင်တောရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း နခခ ၅ မြို့သူကြီးကို AA သိမ်းပိုက်ပြီး နယ်စပ် တစ်လျောက်လုံးကို ထိန်းချုပ်
စစ်ကောင်စီ၏ မောင်တောရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နယ်ခြားစောင့်စခန်း (နခခ-၅) မြို့သူကြီးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီး မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက် ကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၆ ရက်နေ့တွင် နခခ ၅ ၏ နောက်ဆုံးခံတပ်စည်းအထိ AA က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများ၏ ဖော်ပြချက်အရ သိရသည်။
“စခန်းသိမ်းနေစဉ်ရော၊ သိမ်းပြီးတဲ့ အချိန်မှာရော လေယာဉ်က ဗုံးလာကြဲတာ။ ပေါင် ၁၀၀၀ ဖျက်အား ပြင်း ဗုံးတွေတောင်ပါတယ်။ နတ်မြစ်က နေဗီလည်း ဘာမှမလုပ်နိုင်တော့ဘူး။ AA က အလုံးအရင်းနဲ့ကို ဝင်စောင့်တာ” ဟု ရခိုင်သတင်းရင်းမြစ်က ပြောသည်။
AA သည် ၃ လကြာတိုက်ခိုက်ခဲ့ရသည့် နခခ-၅ စခန်းကို အပြီးသတ်သိမ်းပိုက်ပြီးနောက် နယ်စပ် တစ်လျှောက်ကို အပြီးတိုင်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ နခခ ၅ သည် ခြံစည်းရိုး သုံးထပ်နှင့် မိုင်းကွင်းများအပြည့် ခင်းကာဘန်ကာများ ကတုတ်ကျင်းများဖြင့် အခိုင် အမာဆောက် လုပ်ထားပြီး အင်အား ၁၀၀၀ နီးပါးဖြင့် ခုခံတိုက်ခိုက်နေသည့် စခန်းတစ်ခုဖြစ်သည်။
အဆိုပါ တပ်စခန်းမကျစေရေး စစ်ကောင်စီက လေကြောင်းမှ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ ရာနှင့်ချီကြဲချတိုက်ခိုက်ခဲ့သည်။
AA က မြေပြင်ထောက်ပို့လမ်းကြောင်းများ ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီက နခခ ၅ အတွင်းသို့ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာထုတ်များကို လေကြောင်းမှ လေထီးဖြင့် ချပေးရသည့် အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်သည်။
ထိုသို့ပို့ပေးသည့် ရိက္ခာထုတ်များ တပ်အပြင်ရောက်ရှိသည်များကို လာရောက်ကောက်ယူရာတွင် AA က စစ်ကောင်စီတပ်ဖွဲ့များကို စောင့်ဆိုင်းပစ်ခတ်သည့်အတွက် လက်နက်၊ခဲယမ်း ဆုံးရှုံးမှုများ ရှိခဲ့သည်။
ပုံစာ-နခခ-၅ မြို့သူကြီး
Leave a Reply