ဘုတ်ပြင်း၊ လောင်းလုံးနှင့် ရေဖြူ တို့တွင် စစ်တပ် စခန်းနှင့် စစ်ကြောင်းတို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ချောင်းမွန်ကျေးရွာအနီး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၂ ခုနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ ဒုရဲအုပ်လပြည့်က ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ချောင်းမွန်ကျေးရွာအနီးရှိ တော်လှန်ရေး တပ်ဖွဲ့များ၏ R Zero ဂိတ်ကို လေညာတပ်နယ်ကို တပ်သားသစ်များပို့ဆောင်ရန် လာရောက်သည့် အင်အား ၄၅ ဦးပါ စစ်ကြောင်းနှင့် တပ်သားသစ်များ လာရောက်ခေါ်ဆောင်သော အင်အား ၃၀ ပါ စစ်ကြောင်းတို့က R Zero ဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ဒရုန်းများဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အသင့်ထောင်ထားသော အဝေးထိန်း မိုင်းများ၊ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ၁၅ မိနစ် ခုခံတိုက်ခိုက်ခဲ့ပြီး ဂိတ်အနီး၌ နင်းမိုင်းများ ထောင်ကာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းသို့ ဆုတ်ခွာသွားပြီးနောက် အကြမ်းဖက် စစ်သားများက ပူးပေါင်းတပ်ဖွဲ့ ဂိတ်ကို ဝင်ရောက်ရှင်းခဲ့ရာ အသင့်ထောင်ထားသော နင်းမိုင်းများ ပေါက်ကွဲပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း၊ ထိခိုက်သေဆုံးမှု စာရင်းကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

“ခွေးသေထိခိုက်မှုကတော့ မသိရဘူး။ ဖြစ်တဲ့နေ့ လူအသွားအလာပြတ်နေတော့ ကျနော်တို့လည်း အတည်ပြုဖို့ခက်တယ်။ အခုခွေးတွေက သူတို့လှုပ်ရှားတဲ့ အချိန် ပြည်သူတွေ အသိမခံတော့ဘူး။ ဂိတ်မှာတော့ ကျနော်တို့ ပူးပေါင်းအဖွဲ့တွေ ပြန်ထိုင်နေပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်း စစ် ကြောင်းလာတဲ့အချိန် ဝေးဝေးမှာ နေပေးဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ ဒုရဲအုပ်လပြည့်က ရန်ကုန်ခေတ်သစ်ပြောကြားသည်။

အဆိုပါ တိုက်ပွဲသည် ဘုတ်ပြင်းမြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့၊ KNLA အမှတ် ၂၀၃ တပ်ရင်း၊ အမှတ် ၄ တပ်ခွဲ၊ KTLA အမှတ် ၁၁၄ တပ်ရင်း၊ အမှတ် ၃ တပ်ခွဲတို့နှင့်သာ သက်ဆိုင်ပြီး ဒေသနေပြည်သူလူထုနှင့် လုံးဝ သက်ဆိုင်မှုမရှိပါကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ ဒုရဲအုပ်လပြည့်က သတိပေးပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်စခန်း၊ စစ်ကြောင်း တို့ကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဗထူးတပ်မတော် – BHA မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက် နှင့် ၇ ရက်နေ့တို့တွင် လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းတဆင့် ထားဝယ်ရေနက်ဆိပ်ကမ်းဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သား ၁၀၀ ပါ စစ် ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ၊ ခလရ ၁၀၄မှ တဆင့် စစ်ကြောင်း ထိုးဝင်ရောက်လာသော အင်အား ၁၅၀ ဦးပါ စကစခြေလျင် စစ်ကြောင်းကို ရေဖြူမြို့နယ် ၊ ပိန်း ရှောင် ကျေးရွာ နှင့် ကျောက်ဝှက်ကုန်းကျေးရွာ အကြား တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား သေဆုံးထိခိုက်မှုရှိ ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ရေဖြူမြို့နယ်မှ စစ်ကူဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းအား ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား များ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုက တိုက်ပွဲအားလုံးပေါင်း ၁၀ ဦးထက်မနည်းရှိတယ်ဗျ။ လက်ရှိခွေးစစ်ကြောင်းက ထားဝယ်မြို့နယ် ခေါင်တိုင်ပြင်ကျေးရွာဘက်ကို ရောက်နေတယ်။ ပြည်သူတွေလည်း ဖမ်းဆီးခံရတာ တွေရှိတယ်။ အတိအကျတော့ စုံစမ်းမရဘူး” ဟု ဗထူးတပ်တော် – BHA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို KNLA တပ်မဟာ ၆ တပ်ရင်း ၂၇ ၊ ဗထူးတပ်မတော် (BHA) ၊ ရေဖြူမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဇင်ယော်တပ်စု – ၁) ၊ တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ၊ A Zero ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းအဖွဲ့မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွင်း အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံအနှံ့ နေရာဒေသအသီးသီး တွင် အဓိကထားအသုံးပြုတိုက်ခိုက်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက် မှုအန္တာရာယ်ကို ကာကွယ်နိုင်ရန်အတွက်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြပါရန် အလေး အနက် တိုက်တွန်းလိုကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော ပျူစောထီးများ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ နှင့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ ကျရှုံးမှုပေါင်း များစွာဖြင့်ရင်ဆိုင်နေရသည့် အကြမ်းဖက် အာဏာသိမ်းစစ်တပ်အား စွန့်ခွာ၍ ပြည်သူ့ရင်ခွင် အမြန် ဆုံးခိုလှုံဝင်ရောက်ကြပါရန် ဗထူးတပ်မတော်က ထပ်မံတိုက်တွန်းထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *