ရန်ကုန်တိုင်း၊ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး တင့်ဇော် ကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။
ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး တင့်ဇော်သည် စစ်ကောင်စီ အလိုကျ ပြည်သူကို အနိုင်ကျင့် ဗိုလ်ကျနေသောကြောင့် မြောက်ပိုင်းခရိုင် ပကဖ တိုက်ခိုက်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အရပ်သားပြည်သူများ ထိခိုက်မှု မရှိစေရန် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အရ ၎င်း၏ အမျိုးသမီးကို ထိခိုက်မည်စိုး၍ ထိန်းသိမ်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် တင့်ဇော်၏ ပေါင်နှင့် ဝမ်းဗိုက်တို့၌သာ ကျည်ရှပ်ထိ ဒဏ်ရာများရရှိခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။
အုပ်ချုပ်ရေးမှူး တင့်ဇော်သည် ယခု တစ်ကြိမ်တွင် ကံကောင်း၍ လွတ်မြောက်သွားနိုင်သော်လည်း နောက်နောင်၌ တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တင့်ဇော်ကဲ့သို့ ပြည်သူများကို အနိုင်ကျင့် စော်ကားနေသော ကျန်ရှိနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုလည်း ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးပြောဆိုထားသည်။
Leave a Reply