မတ္တရာ အနောက်ခြမ်းက စစ်အုပ်စု ပြန်သိမ်းယူသွားတဲ့ ရွာတွေကို MDY-PDF က ပြန်ထိုးစစ်ဆင် သိမ်းယူ

ရွာသုံးရွာ သိမ်းပိုက်ရရှိသလို လက်နက်ခဲယမ်းတချို့လည်း ရရှိ

စစ်အုပ်စုက ရွာတွေကို မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်အုပ်စု ပြန်သိမ်းယူသွားတဲ့ ရွာတွေကို ပြည်သူ့ ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF က ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုနဲ့ တိုက်ပွဲ ဖြစ်ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရရှိတယ်လို့ MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။

“ဒီဇင်ဘာလ (၆)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် မတ္တရာမြို့နယ် အနောက်ဖက် ခြမ်းရှိ တော်လှန်ရေး တပ်ဖွဲ့များ ခေတ္တ လက်လွှတ်ခဲ့ရသော ကျေးရွာများကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ယခုအခါ မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းရှိ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာ နှင့် ထိန်ပင်စောက် ကျေးရွာတို့ကို အပြီးသတ် ပြန်လည် သိမ်းပိုက်ရရှိပြီး ဖြစ်ပါသည်။ အဆိုပါ တိုက်ပွဲများတွင် အကြမ်းဖက် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်” လို့ MDY-PDF စစ်ဦးစီးအဖွဲ့က ဖော်ပြပါတယ်။

ထိန်ပင်စောက်ကျေးရွာ အပါအဝင် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ကျေးရွာတွေကို စစ်အုပ်စုက နိုဝင်ဘာလအတွင်း ပြန်လည် ထိုးစစ်ဆင်ကာ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မတ္တရာနယ် အနောက်ခြမ်းက ရွာသစ်ကျေးရွာ၊ ဝန်စုကျေးရွာနဲ့ ထိန်ပင်စောက်ကျေးရွာတို့ကို အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိပြီလို့ MDY-PDF က ဆိုပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုကလည်း မတ္တရာနယ် အနောက်ခြမ်း ဧရာဝတီမြစ်ရိုးက ကျေးရွာတွေကို စီးနင်းနိုင်ဖို့ ကြိုးစားနေကာ ရွာတွေကို မီးရှို့ဖျက်ဆီးနေပြီး မနေ့က ဒီဇင်ဘာလ ၈ရက်မှာ မတ္တရာမြို့နယ် အနောက်ခြမ်း၊ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းရှိ မြွေဆင်ကုန်းရွာနဲ့ ပိုဝ (မြောက်ရွာ) တို့ကို မနက် ၁၁နာရီလောက်က စတင်ကာ တနေကုန် မီးရှို့ဖျက်ဆီးနေသလို ဒီဇင်ဘာလ ၇ရက်ကလည်း မတ္တရာမြို့နယ်၊ အနောက်မြောက်ခြမ်း၊ တံငါမြစ်တောင်ဘက်ရှိ၊ ထိန်ပင်စောက်ရွာကို မီးရှို့ဖျက်ဆီးတယ်လို့ ဒေသခံ မြေပြင်ကင်းထောက်အဖွဲ့တွေက ဆိုပါတယ်။

စစ်အုပ်စုက မတ္တရာနယ် ကျေးရွာတွေကို စီးနင်းပြီး လူသတ်၊ လုယက်၊ မီးရှို့တာ၊ လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ကျူးလွန်နေလို့ ဒေသခံပြည်သူတွေ သတိပြု နေထိုင်ကြဖို့ ဒေသခံအချင်းချင်း တိုက်တွန်း ထားကြပါတယ်။

မတ္တရာနယ် အနောက်ခြမ်းက ရွာတွေကို ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်ရာက ရရှိတဲ့ လက်နက်နဲ့ ဒီဇင်ဘာလ ၈ရက် မနေ့က မတ္တရာနယ် အနောက်ခြမ်းက ရွာတွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေစဉ်/Photo – MDY-PDF၊ CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *