နောင်ချိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၉ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းစခန်းအနီး ကျောက်ဂူ -ကျောက်ဆုံနှင့် တောင်ခမ်း အမြောက်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ ၁၉ ဦး အရှင်ဖမ်းမိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယမန်နေ့ညပိုင်း ထုတ်ပြန်သည်။
ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ နောင်ချိုမြို့နယ်၊ တောင်ခမ်းတပ်စခန်းအနီး ကျောက်ဂူ-ကျောက်ဆုံတွင် တအာင်းတပ်မတော် TNLA၊ DPLA တို့ ပူးပေါင်း တပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင် စီတို့ကြား တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား အလောင်း ၁၅ လောင်း၊ စစ်သုံ့ပန်း ၁၇ ဦးနှင့်အတူ လက်နက်ခဲမျိုးစုံ ၂၈ လက်၊ ခဲယမ်းများစွာ ဖမ်းဆီးသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ နောင်ချိုမြို့နယ်၊ တောင်ခမ်းအမြောက်တပ် ၃၅၄ စခန်းတွင်လည်း စစ်ကောင်စီလက်အောက်ခံ တပ်သား ၂ ဦးကို လက်နက်ခဲယမ်းနှင့်အတူ အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၈ ရက်နေ့ ကလည်း နောင်ချိုမြို့၊ စစ်ကောင်စီတပ် ၉၀၂ တပ်စခန်း၊ ဂန့်ကော်ကျေးရွာနှင့် စစ်ကောင်စီတပ် ၄၀၆ တပ်စခန်းအနီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန် လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုသည်။
Leave a Reply