သန်လျင်ရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်အချို့ ယူဆောင်၍ ထွက်ပြေး

ရန်ကုန်တိုင်း၊ သန်လျင်မြို့ ရေတပ်ဌာနချုပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်အချို့ယူဆောင်ပြီး တပ်အတွင်းမှ ထွက်ပြေးသွားကြောင်း သိရသည်။

ယနေ့ နို၀င်ဘာ ၂၄ ရက် နံနက် ၁ နာရီခန့်က သန်လျင်ရေတပ်ဌာနချုပ်မှ စစ်ကောင်စီတပ်သား ၁၇ ဦး ကင်းလှည့်ထွက်လာစဉ် လက်နက်အချို့ကို ယူဆောင်၍ ထွက်ပြေးသွားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“ရှေ့လျှောက်တပ်ပြေးတဲ့သတင်းတွေ ပိုကြားရနိုင်တယ်။ အခုလည်း တပ်ထဲမှာ ၂၇ ရက်နေ့အတွက် တပ်လှန့်ထားတာရှိတယ်။ အခြေအနေမကောင်းတာတော့ အမှန်ပဲ”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို ပြန်လည်ဖမ်းဆီးရမိရေး အတွက် လိုက်လံရှာဖွေနေကြောင်းသိရပြီး အဆိုပါရေတပ်မှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ၏ အသေးစိတ်အခြေ‌အနေကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် ဆက်လက်စုံစမ်းနေပြီး သိရှိရပါက ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်သည်။

“ညကတည်းက ရေတပ်ဘက်ကနေ သေနတ်ပစ် ဖောက်သံတွေကြားတယ်။ ပြေးတာ တော့ အဲဒီချိန်ကတည်းကဖြစ်မယ်။ ၁ နာရီလောက်မှ သိကြတာဖြစ်မယ်”ဟု သန်လျင်မြို့တွင် နေထိုင်သူတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

အလားတူ ပြီးခဲ့သည့် နို၀င်ဘာ ၂၀ ရက်နေ့ကလည်း သန်လျင်မြို့အခြေစိုက် ရေတပ်သ‌င်္ဘောကျင်းဌာနချုပ် သီလဝါက တပ်ကြပ်ကြီး အောင်ကျော်မျိုးသည် ပုလောမြို့ နယ်ရှိ မြိတ်ခရိုင် PDF အမှတ်(၁)တပ်ရင်းသို့ အလင်း၀င်လာကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် တပ်ကြပ်ကြီး အောင်ကျော်မျိုးကို လုံခြုံသည့်နေရာတွင် ကောင်းမွန်စွာ ထားရှိပြီး အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၏ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနှင့်အညီ ဆက်လက် လုပ်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုံစာ- သန်လျင်မြို့ အောင်ချမ်းသာထိပ်တွင် လုံခြုံရေးယူနေသည့် ရေတပ်မှ စစ်ကောင်စီတပ်သား(ပုံ ဟောင်း)


Comments

Leave a Reply

Your email address will not be published. Required fields are marked *