ရန်ကုန်မြို့တွင် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ သပိတ် အင်အားစုများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်မြို့တွင် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ သပိတ် အင်အားစုများ စုပေါင်း၍ ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
သပိတ် လှုပ်ရှားမှုတွင် ပါဝင်သည့် ကိုနန်းလင်းက လက်ရှိနွေဦးတော်လှန်ရေး အခြေအနေအရပ်ရပ်ကို ပြည်သူလူထုထံသို့ အကျဥ်းချုံး အစီရင်ခံဟောပြောခဲ့ကြောင်း သိရှိရသည်။
“လူထုကြီးရဲ့ ရွပ်ရွပ်ချွံချွံတော်လှန်မှုကြောင့် ဒီကနေ့မှာတော့ အာဏာလောဘ တက်ပြီး လူထုကို ဖိနှိပ်နေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုဟာ မရှုမလှ အရေးနိမ့်နေပါပြီ၊ ပြိုကျနေပါပြီ ၊ ပျက်စီးနေပါပြီ ၊ တိုင်းပြည်ကို တကယ်ချစ်ရင်၊ တပ်မတော်ကို ကယ်တင်ချင်ရင် ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်တွေ လက်အောက်ကနေ အမြန်ဆုံး ရုန်းထွက်ပြီး ကျွန်တော်တို့ ပြည်သူများနဲ့ အတူပူးပေါင်းပါ၊ ပြည်သူနဲ့ အတူရပ်တည်ပါ၊ ပြည်သူ့ရင်ခွင် ခိုဝင် ကြပါ.ဒီနည်းလမ်းနဲ့ သာ ခင်ဗျားတို့လည်း အသက်ရှင်မယ်၊ လူထုလည်း စိတ်ချမ်းသာမယ်၊ တိုင်းပြည်နဲ့ တပ်မတော်ကိုလည်း ပြန်တည်ဆောက်နိုင်ပါလိမ့်မယ်” ဟု ကိုနန်းလင်းကဟောပြောခဲ့သည်။
အဆိုပါ လူထုသပိတ်တိုက်ပွဲတွင် ပြည်သူလူထုများမှ လက်ခုပ်တီးခြင်း၊ လက်သုံးချောင်းထောင်ခြင်း၊ ကြွေးကြော်သံများ သံပြိုင် ကြွေးကြော်ရင်း အတက်ကြွဆုံးပါဝင်ခဲ့ကြကြောင်း၊ သပိတ်အပြီးအနည်းငယ်အကြာ ထိုဈေးအတွင်း စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီး ပြည်သူများအား စစ်ဆေး ဖမ်းဆီးနေကြောင်း သိရသည်။
Leave a Reply