ခရမ်း သုံးခွထိရောက်လာပီ ကြိတ်ထား

ခရမ်းနှင့် သုံးခွမြို့ရှိ စစ်ရေး‌ပစ်မှတ်လေးနေရာကို PDFတိုက်ခိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးခန့်ဒဏ်ရာရဟုဆို

People’s Spring

ရန်ကုန်တိုင်း ခရမ်းနှင့်သုံးခွမြို့နယ်ရှိ စစ်ရေးပစ်မှတ် လေးနေရာကို ပြင်းအားမြင့်ဗုံးများ ၊ ၄၀ မမ ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ခရမ်း PDF ခေါင်းဆောင် ကိုမီးပွားက ပြောသည်။

နိုဝင်ဘာ ၃၀ရက် နံနက် ၄နာရီခွဲခန့်တွင် ခရမ်းမြို့နယ် ရဲစခန်း ၊ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ရေကျော်ကျောင်းအတွင်းသို့ ဒရုန်းအသုံးပြုကာ ပြင်းအားမြင့်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ပြီး တစ်ချိန်တည်း၌ ဆည်မြောင်း စစ်ဆေးရေးဂိတ်ကိုလည်း (၄၀) မမ ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ခရမ်းရဲစခန်းထဲက ဗိုလ်လေးအဆင့်နဲ့ နောက်ထပ် ၂ ကောင်ထိတယ်ပြောတယ်။ ဆေးရုံတင်ထားရတယ်ကြားတယ်”ဟု ထိခိုက်ဒဏ်ရာရရှိမှု‌အခြေအနေနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

ထို့ပြင် နံနက် ၄ နာရီ ၄၅ မိနစ်တွင် သုံးခွမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်ပူးပေါင်း၍ သုံးခွမြို့နယ် ရဲစခန်းကို (၄၀) မမ ဗုံးသီးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ကိုမီးပွားက ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိသည်ဟု ကနဦးသတင်းကြားကြောင်း ခရမ်း PDF က သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် မြို့အဝင်ဂိတ်များကို ပိတ်ဆို့ကာ ကားအဝင်အထွက်များ ခွင့်မပြုတော့ကြောင်း ဒေသခံများက ပြောသည်။

“ရန်ကုန်ပကဖက မြေပြင်မှာ အပီအပြင်လုပ်နေတာပါ၊ အဓိကက ရန်သူစကစအနေနဲ့ ရန်ကုန်ကို အုပ်ချုပ်ရေးယန္တရားထိန်းချုပ်လည်ပတ်လို့မရအောင်ရယ်၊ သူတို့ရဲ့ စီးပွားရေးထောက်တိုင်တွေ၊ နောက်တန်းစခန်းတွေ၊

တပ်စွဲထားတဲ့နေရာတွေ၊ အရေးကြီးစစ်ရေးပစ်မှတ်တွေကို ကျနော်တို့ဘက်က ရတဲ့နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်သွားမှာပါ၊ ပူးပေါင်းဆောင်ရွက်လို့ရတဲ့ UG အဖွဲ့တွေနဲ့လည်း တွဲလုပ်နေပါတယ်”ဟု ရန်ကုန်တိုင်း(ပကဖ) ပြောရေးဆိုခွင့်ရှိသူ တိုင်း(ပကဖ) ဒုတာဝန်ခံ(စစ်ရေး) ကိုမင်းရန်နိုင်က လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီအနေဖြင့် လက်ရှိတွင် ရန်ကုန်မြို့ဝင်ပေါက်များကို ပိတ်၍ ခံစစ်ကို သေသေချာချာပြင်ဆင်နေကြောင်း ၎င်းက ဆိုသည်။

“သူတို့ မစဉ်းစားမိတာက ရန်ကုန်ထဲမှာရှိနေတဲ့ ပြည်သူတွေဟာလည်း မြို့ပြပြောက်ကျားတွေပဲဖြစ်တယ်ဆိုတာရယ် ရှေ့ကို မဲနေတဲ့ စစ်တပ်ကကောင်တွေရဲ့ နောက်ကျောမှာ ကျနော်တို့ တော်လှန်ရေးသမားတွေအမြဲရှိနေတယ်၊ သူတို့ နောက်ကျော လုံလှပြီထင်နေကြတယ်၊ ကျနော်တို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တစ်နိုင်ငံလုံးအနှံ့ စစ်ရေးအရှိန်မြှင့်တင်ပြီး စကစ ကို အမြစ်ဖြတ်ချေမှုန်းတိုက်ခိုက်တော့မှာပါ။ ဒီ့အတွက် ပြည်သူ့ဘက်ကို အမြန်ဆုံး ပူးပေါင်းရပ်တည်ပါ၊

ဆက်ပြီး ခေါင်းမာနေကြအုံးမယ် မိုက်ရူးရဲဆန်နေကြအုံးမယ် မနိုင်တော့တဲ့အခြေအနေကို သိသိကြီးနဲ့ အကြမ်းဖက်စစ်ကောင်စီဘက် နေကြအုံးမယ်ဆိုရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါပဲ။ တော်လှန်ရေးရေချိန်မြင့်တက်လာတာနဲ့အမျှ ဘယ်သူဘယ်ဝါတွေဟာ အကြမ်းဖက်စစ်တပ်ဘက်မှာရှိခဲ့ကြသူတွေဖြစ်တယ်ဆိုတာ ထင်ရှားပေါ်လွင်ပြီးသားမို့ ပြည်သူ့တော်လှန်ရေးအဆုံးအမကို ခံကြရလိမ့်အုံးမယ်ဆိုတာ ပြောပါရစေ”ဟု ကိုမင်းရန်နိုင်က သတိပေးစကားပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက် ညကလည်း ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ်သောင်ခုံကျေးရွာအနီးရှိ ခလာပြင်သောင်ပေါ်တွင် တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တောင်ပိုင်းခရိုင်ဇုန် (၁)ပကဖ ရဲဘော်များက (၄၀) မမဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အပြင်းအထန် ဒဏ်ရာရကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်း(ပကဖ)သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုအောက်တွင် ဖွဲ့စည်းထားသော ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရသည့် မြို့ပြပြောက်ကျားစစ်ဆင်ရေးအဖွဲ့ဖြစ်ပြီး တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်အလိုက် စနစ်တကျ ဖွဲ့စည်းထားကာ မြို့ပြစစ်ဆင်ရေးများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *