စက်သုံးဆီဈေးနှုန်းကို ဆက်လက်ချုပ်ကိုင်ထားဆဲ

စစ်ကောင်စီက နိုင်ငံခြားငွေလဲနှုန်း သတ်မှတ်ချက် ပယ်ဖျက်ထားသော်လည်း စက်သုံးဆီ ဈေးနှုန်းကိုဆက်လက် ချုပ်ကိုင်ထား၍ လုံလောက်စွာဝယ်ယူနိုင်မည်မဟုတ်

စစ်ကောင်စီက ဗဟိုဘဏ်သတ်မှတ်ချက် နိုင်ငံခြားငွေလဲနှုန်းထားပယ်ဖျက်လိုက်ပြီး ပြင်ပသွင်း ကုန်စက်သုံးဆီဈေးပေါ်တွင် ဈေးနှုန်းချုပ်ကိုင်ထားဆဲဖြစ်၍ စက်သုံးဆီ လိုအပ်သူများအနေဖြင့် လုံလောက်စွာ ဝယ်ယူနိုင်မည်မဟုတ်ကြောင်း သိရသည်။

စက်သုံးဆီဈေးကို စစ်ကောင်စီ၏ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနေရပြီး ပြင်ပ ဒေါ်လာပေါက်ဈေးဖြင့် တွက်ချက်၍ ရောင်းချမည်ဆိုပါက ယခုထက် ဈေးတက်နိုင်ကြောင်း စက်သုံးဆီလုပ်ငန်းနှင့် ဆက်စပ်နေသူများထံက သိရသည်။

စစ်ကောင်စီ၏ သက်မှတ်ဈေးနှုန်းဖြင့်ဆိုပါက ဆီကုန်သည်များ ရောင်းချ ပေးသလောက်သာ အကန့်အသတ်ဖြင့် ဝယ်ယူသုံးစွဲရမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းနှင့် ဆက်စပ်သူများက ဆိုသည်။

“စစ်ကောင်စီက ငွေကြေးဈေးပဲဖျက်လိုက်တာ။ သူနဲ့ချိတ်နေတဲ့ အခုဖြစ်နေတဲ့ စက်သုံးဆီကျတော့ သူတို့သတ်မှတ်ဈေးနဲ့ရောင်းရမယ်။ အဲဒီမှာကုန်သည်တွေ အတွက် မကိုက်တော့ဘူး။ ဈေးတင်ရောင်းရင်လည်း အဖမ်းခံရနိုင်တယ်။ ပြင်ပ ပေါက်ဈေး အတိုင်းရောင်းခွင့်ပေးမယ် ဆိုရင်တော့ ဈေးတက်မယ်။ ဆီရမယ်။ နောက်ဆုံးတော့ ပြည်သူပဲခံရတာ၊ end user ပဲ” ဟု ဆီလုပ်ငန်းနှင့်ဆက်စပ်သူတစ်ဦးကပြောသည်။

ထို့ပြင်စက်သုံးဆီဈေး မြင့်တက်သွားပါက ယင်းနှင့်ဆက်စပ်နေသည့် ကုန်စည်စီးဆင်းမှု၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း များတွင်အကျိုးသက်ရောက်မှုများ ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

ယခု ၉ ရက်တာအတွင်း စက်သုံးဆီကို တန်းစီ ဝယ်ယူနေရပြီး စက်သုံးဆီဆိုင်များတွင် ရောင်းချသည့် အောက်တိန်း ၉၂ ၊ အောက်တိန်း ၉၅ ၊ ပရီမီယံဒီဇယ်၊ ရိုးရိုး ဒီဇယ်အမျိုးအစားများထဲတွင် ဆီအမျိုးအစား တစ်ခုခု အမြဲပြတ်လပ်လျက် ရှိကြောင်း စက်သုံးဆီသုံးစွဲသူများထံက သိရသည်။

စစ်ကောင်စီက လက်ရှိတွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အစည်းဝေးများကျင်းပကာ အခြေခံ စားသောက်ကုန် ပစ္စည်းဈေးနှုန်းများကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး ဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ်ပါက အကြောင်းရင်းကို သေချာစိစစ် ဖော်ထုတ်ရမည် ဖြစ်ကြောင်း စစ်ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဦးဝင်းရှိန်က ဆိုထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *