ခမ်းပါတ်မြို့မှ မိဘမဲ့ကလေးငယ် ၄၀ခန့်ရှိဂေဟာကိုစစ်ကောင်စီတပ်စီးနင်းထား

စစ်တပ်ကသေနတ်ဖြင့်ပစ်၍ကလေးလေးဦးသေဆုံးဟု​ဒေသခံအချို့နှင့် PDF ​ပြော

ခမ်းပါတ်မြို့တွင် စစ်ကောင်စီတပ်က မိဘမဲ့ကလေးကျောင်းကို စီးနင်းထားပြီး သေနတ်ဖြင့်ပစ်ခတ်သဖြင့် မိဖမဲ့ကလေးငယ် လေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ကလေးမြို့မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ခမ်းပါတ်မြို့၊အမှတ်(၁)ရပ်ကွက် ရှိ AG မိဘမဲ့ဂေဟာကို ယမန်နေ့(ဒီဇင်ဘာလ ၁၀ရက်) တွင် တပ်စွဲလိုက်ပြီး ည ဘက်တွင် သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

” မိဘမဲ့ဂေဟာက ကလေးလေးဦး သေဆုံးသွားတယ်။ ဂေဟာကို စီးထားတယ်။ ဂေဟာကို လူသားဒိုင်းလုပ်ပြီး ပစ်နေတာပါ” ဟု အဆိုပါ ကာကွယ်ရေးရဲဘော်ကပြောသည်။

AG မိဘမဲ့ဂေဟာသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားသည့် ရဲစခန်းနှင့် စစ်တပ်ကုန်းအနီး၌ တည်ရှိသည်။ထိုဂေဟာကို စစ်တပ်က အကာအကွယ်ယူပြီး စစ်ရေးဖော်ဆောင်နေသည်ဟု PDF အချို့က​ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်၍ သေဆုံးသူများမှာ အသက် ၅နှစ်မှ၁၀ နှစ်ကြား ကလေးငယ်လေးဦးဟု သတင်းရရှိပြီး အသေးစိတ်မသိရသေးပေ။ AG မိဘမဲ့ဂေဟာတွင် ကလေးငယ် ၃၆ဦးနှင့် ထိန်းသိမ်းစောင့်ရှောက်နေသူအချို့အပါ
အဝင် ၄၀ ထက်မနည်း ရှိသည်ဟု​ဒေသခံအချို့က​ပြော
သည်။

” ဂေဟာက ကလေးတွေကို တန်ဆာခံသဘော လုပ်ထားတယ်။ ဒီနေ့အထိ စစ်ကောင်စီက တပ်စွဲထားတယ်။ အတွင်းထဲက အခြေအနေတွေကို မသိနိုင်ဘူးဖြစ်နေပါတယ်”ဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

စစ်ကောင်စီက တပ်စွဲထားသည့် မိဘမဲ့ဂေဟာမှ ကလေးငယ်များနှင့် ဝန်ထမ်းများ၏ အသက်အန္တရာယ်ကို စိတ်ပူနေရကြောင်းနှင့် အကျိုးဆက်ကို စစ်ကောင်စီက တာဝန်ယူရမည်ဟု တမူးမြို့ခံများကပြောသည်။

စစ်​ကောင်စီတပ်က ခမ်းပါတ်မြို့ကို ဒီဇင်ဘာ ၁၀ ရက်တွင် ​လေ​ကြောင်းမှလည်း တိုက်ခိုက်ခဲ့ပြီး ဖုန်းလိုင်းများဖြတ်​တောက်ထား​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပါတ်မြို့ကို အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာ ၃ ရက်မှ စတင်တိုက်ခိုက်ပြီးနိုဝင်ဘာ ၇ ရက် နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ခမ်းပါတ်မြို့ကို အပြည့်အဝတိုက်ခိုက်သိမ်းပိုက်နိုင်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာ
ကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်
(PDF)စစ်ရုံးချုပ်က သတင်းထုတ်ပြန်ထားသည်။

သို့​သော်ဒီဇင်ဘာလဆန်းမှ စတင်ကာ စစ်ကောင်စီက ခမ်းပါတ်မြို့ကို ပြန်လည်ထိန်းချုပ်ရန် ကြိုးစားလာပြီး ကလေးမြို့ ဒကစမှ စစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ စစ်တပ်စစ်​ကြောင်းများ လာ​နေသဖြင့်မြို့ခံအများစုသည် ဘေးလွတ်ရာ တိမ်းရှောင်သွားကြသော်လည်း ပြည်သူ့အချို့ ကျန်ရှိနေခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *