ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ တပ်ရင်းကို AA က တိုက်ခိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် စစ်မေတွေပါ ကင်းစောင့်ခိုင်းနေ

ချင်းပြည်နယ် ပလက်ဝမြို့နယ်အခြေစိုက် ခလရ ၂၈၉ တပ်ရင်းကို ရက္ခိုင့်တပ်တော်- AA က ဒီဇင်ဘာလ ဒုတိယအပတ်မှာ တိုက်ခိုက်သွားမယ်လို့ သတင်းထွက်ပေါ်ပြီးနောက် တပ်မိသားစုဝင်တွေကိုပါ တပ်ရင်းမှူးက နေ့ညအလှည့်ကျ ကင်းစောင့်ခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။

အခုလို သတင်းထွက်လာပြီး တပ်ထဲမှာရှိတဲ့ တပ်မိသားစုဝင်တွေ တပ်အပြင် ထွက်တာတွေ တပ်တွင်း ဆွေမျိုးအလည်လာတာတွေကို တပ်ရင်းမှူးက ပိတ်ပင်ထားပြီး ရက်တိုအခြေခံ တတ်မြောက်ထားတဲ့ စစ်မေတွေကို နေ့ညအလှည့်ကျနဲ့ ၎င်းတို့နေတဲ့ တပ်လိုင်းခန်းအနီးရှိ ကတုတ်ကျင်းတွေမှာ လက်နက်၊ ယူနီဖောင်း အပြည့်အစုံနဲ့ ကင်းစောင့်နေရတယ်လို့ တပ်ထဲရှိ စစ်မေတစ်ဦးကပြောပါတယ်။

“တပ်ပြင်ထွက်ခွင့် မပေးတာက ပလက်ဝမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ တိုက်ပွဲ ဖြစ်ကတည်းပါ။ မဖြစ်မနေ တပ်ပြင် ထွက်ရမယ်ဆိုရင် တပ်ရင်းဗိုလ်ကြီးနဲ့ တာဝန်မှူး လက်မှတ် ယူရတယ်။ သူတို့ ခွင့်ပြုမှ သွားရတယ်။ ဒီဇင်ဘာ ၆ ရက်က တပ်ကို AA က ဝင်စီးမယ်။ တိုက်မယ်လို့ ကြားတဲ့ရက် ညကစပြီး စစ်မေတွေလည်း ကင်းစောင့်ရတယ်။ ည ၆ နာရီကနေ ၂ နာရီ ကိုယ်နေတဲ့ လိုင်းခန်းနား ကတုတ်ကျင်းတွေ ကင်းစောင့်ပေးရတယ်။ မနက်ကျလည်း ၆ နာရီကနေ ၁၂ ထိ အလှည့်ကျ ကင်းစောင့်ပေးရတယ်”
ဒီဇင်ဘာလအတွင်း ပလက်ဝမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ တပ်ရင်းကို AA က ဝင်စီးပြီးတော့ တိုက်ခိုက်မယ်လို့ သတင်းထွက်ပေါ်လာပြီး မြို့ပေါ်နေ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ဖို့ ဒီဇင်ဘာ ၈ ရက်က တစ်လနီးပါး ပိတ်ထားတဲ့ ရေလမ်း၊ ကုန်းလမ်းအားလုံးကို တစ်ရက်တာ ဖွင့်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်ကလည်း ပလက်ဝ မြို့မရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံဝန်းထဲသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲကာ ၁၀ နှစ်အရွယ် ဆေးရုံဝန်ထမ်း မိန်းကလေးတစ်ဦး ကျည်စထိမှန်ဒဏ်ရာရပြီး ၆ ခန်းတွဲ ဝန်ထမ်းအိမ်ယာတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *