ခမ်းပတ်မြို့ ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ်က မိဘမဲ့ကျောင်းကို စီးနင်း၊ ၃၆ ဦး ဖမ်းထား

တော်လှန်ရေးအင်အားစုများ တစ်လကျော်ကြာ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့ကို ပြန်လည်ရရှိနိုင်ရေး ထိုးစစ်ဆင်နေသော စစ်တပ်က မိဘမဲ့ကလေးကျောင်းကို ပစ်ခတ်စီးနင်းပြီး ကလေးနှင့် ဆရာ၊ ဆရာမအပါအဝင် ၃၆ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းမကြီးပေါ်ရှိ ထိုမြို့ကို နိုဝင်ဘာ ၇ ရက်နေ့တွင် လက်လွှတ်လိုက်ရသည့် စစ်ကောင်စီက ဒီဇင်ဘာလဆန်းပိုင်းက စတင်ပြီး အင်အားရာဂဏန်းဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲကာ အပြင်းအထန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၀) တွင် အင်အား ၁၀၀ နီးပါးပါ စစ်ကြောင်းက ခမ်းပတ်မြို့ ရဲစခန်းနှင့် ရဲစခန်းကုန်းအနီးရှိ AG မိဘမဲ့ကလေးကျောင်းကို ဝင်ရောက်စီးနင်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အတည်ပြုသည်။ ကျန်စစ်ကြောင်းများ၏ အခြေအနေကို မသိရပေ။

“သူတို့က မိဘမဲ့ကလေးကျောင်းမှာရှိတဲ့ ကလေးတွေကို လူသားဒိုင်းလုပ်ပြီးတော့ အဲ့ဒီ မိဘမဲ့ကလေးကျောင်းမှာပဲ တပ်စွဲထားတယ်ဆိုတဲ့ သတင်းတော့ ရရှိပါတယ်။ မိဘမဲ့ကလေးကျောင်းမှာရှိတဲ့ ဆရာ၊ ဆရာမနဲ့ ကလေးငယ် အားလုံးပေါင်း ၃၆ ယောက်လောက် လူသားဒိုင်းလုပ်ခံထားရတယ်” ဟု ၎င်းက ဆိုသည်။

ကလေးငယ်များအပါအဝင် ဖမ်းဆီးခံထားရသူများကို ကယ်ထုတ်နိုင်ရန် တော်လှန်ရေးအင်အားစုများ ကြိုးပမ်းနေကြောင်း၊ စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်းက ခမ်းပတ်မြို့တွင်းရှိ ရဲစခန်းကုန်းနှင့် အနီးရှိ မိဘမဲ့ကျောင်းကို စီးနင်းတပ်စွဲထားသော်လည်း မြို့မှာ တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသေးကြောင်း ဦးနေဘုန်းလတ်က ဆက်ပြောသည်။

“မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဆုတ်ခွာသွားပြီးတော့ စစ်တပ်က ပြန်ရသွားပြီဆိုတဲ့ကိစ္စကတော့ မဟုတ်ပါဘူး။ ခုချိန်ထိ တော်လှန်ရေးတပ်ဖွဲ့တွေက မြို့ကို စိုးမိုးထားတုန်းပဲရှိပါတယ်”။

ထိုဒေသတွင် အခြေစိုက်သည့် တော်လှန်ရေးအင်အားစုမှ အဖွဲ့တစ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကလည်း စစ်တပ် စီးနင်းမှုအတွင်း အသက် ၅ နှစ်နှင့် ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၄ ဦး သေဆုံးခဲ့ရကြောင်း၊ သေဆုံး၊ ထိခိုက်သည့် ကလေးငယ်များ၏ အမည်၊ အသက်နှင့် အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း ၎င်းက ပြောသည်။

“(မိဘမဲ့ကျောင်းရဲ့) အနောက်မှာ တောရှိတယ်။ အဲဒီတောကနေ အဝေးက ပစ်ခတ်ပြီးတော့ ကျောင်းကို ဝင်ရောက်တဲ့အချိန်မှာ ဖြစ်တာပေါ့” ဟု ၎င်းက ပြောသည်။

ထိုဒေသမှ တိုက်ပွဲများတွင် တော်လှန်ရေးအင်အားစုများဘက်မှ ပါဝင်ဆင်နွှဲနေသည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (အထက်ချင်းတွင်းဒေသ) CNO (UCR) မှ ပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်းလျန်ပီး၏ အဆိုအရ ယမန်နေ့ (ဒီဇင်ဘာ ၁၀) ရက်တွင် ခမ်းပတ်မြို့၌ တစ်နေကုန် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီက လေကြောင်းမှ ၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုဒေသတွင် ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်နေသဖြင့် ခမ်းပတ်မြို့အခြေအနေ၊ မိဘမဲ့ကလေးကျောင်း စီးနင်းခံရသည့် ဖြစ်စဉ်တို့နှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။ မိဘမဲ့ကလေးကျောင်းစီးနင်းမှုနှင့် ပတ်သက်၍ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။

လူဦးရေ ၁၅၀၀၀ ကျော် နေထိုင်ရာ ခမ်းပတ်မြို့သည် နိုင်ငံအနောက်မြောက်ပိုင်း အိန္ဒိယနယ်စပ်ရှိ တမူးမြို့နှင့် မိုင် ၃၀ ကျော်သာ ကွာဝေးသည်။

ဒီဇင်ဘာလဆန်းပိုင်း စစ်တပ်က ခမ်းပတ်မြို့ကို ပြန်လည်စစ်ကြောင်းထိုးလာချိန်တွင် ရပ်ကွက် ၅ ခုမှ ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

နယ်စပ်ကုန်သွယ်ရေးအရ အရေးပါသည့် တမူးမြို့အနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားရာ စခန်းများကို ကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်လျက်ရှိရာ ထိုဒေသ၌ စစ်ရေး ဆက်တိုက် ပြင်းထန်နေသည်။

ထိုအခြေအနေတွင် တမူးမြို့ မြောက်ဘက် သနန်ရွာရှိ အကျဉ်းစခန်းနှင့် ကသည်းလူမျိုးစု လက်နက်ကိုင်စခန်းတို့ကို နိုဝင်ဘာလကုန်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အောင်ဇေယျရွာအနီး စစ်ကောင်စီစခန်းကိုလည်း ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကူကီးအမျိုးသားတပ်မတော်ဘက်က ပြောထားသည်။

ထို့ပြင် တမူးမြို့တောင်ဘက် စစ်တပ်နှင့် ပျူစောထီးများ အခြေချ တပ်စွဲထားသည့် ပန်းသာရွာကို နိုဝင်ဘာလကုန်ပိုင်းကစပြီး တော်လှန်ရေးအင်အားစုများက တိုက်ခိုက်လျက်ရှိသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင် ၃ ဖွဲ့က မဟာမိတ်များနှင့် ပူးပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်က စတင်ဖော်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား (ကရင်နီ) တို့တွင်ပါ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ အရှိန်ပိုမြင့်လာခဲ့သည်။

နိုဝင်ဘာလအတွင်း တော်လှန်ရေးအင်အားစုများက နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းအတွင်း ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းအပါအဝင် ခမ်းပတ်မြို့နှင့် ရွှေပြည်အေးမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်ရန် ပြင်ဆင်နေကြသည်။

တစ်လကျော်အတွင်း ရှမ်းပြည်မြောက်ပိုင်း၊ နိုင်ငံအလယ်ပိုင်း၊ အနောက်မြောက်ပိုင်းတို့၌ လက်လွှတ်ခဲ့ရသည့် မြို့များကို သိမ်းပိုက်နိုင်ရန် စစ်တပ်က ထိုးစစ်ဆင်ကြိုးပမ်းမှုတချို့ လုပ်ဆောင်နေသော်လည်း ယနေ့တိုင် မအောင်မြင်သေးပေ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *