တရုတ်၏ အကူအညီဖြင့် မြောက်ပိုင်း ၃ ဖွဲ့နှင့် ဆွေးနွေးဟု စစ်ကောင်စီက ပြောဆိုနေသော်လည်း ညီနောင် ၃ ဖွဲ့ကမူ စစ်အာဏာရှင် ချေမှုန်း အမြစ်ဖြတ်ရေး တစ်ရက်မှ မနားဘဲ အရှိန်အဟုန်မပျက် ဆောင်ရွက်နေဟု ကြေညာ

တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြောက်ပိုင်း ၃ ဖွဲ့နှင့် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ဖော် ပြော ဆို နေသော်လည်း မဟာမိတ် ညီနောင် ၃ ဖွဲ့ကမူ စစ်အာဏာရှင် စနစ် ချေမှုန်း အမြစ် ဖြတ်ရေး တစ်ရက်မှ မနားဘဲ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နေကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။

၁၀၂၇စစ်ဆင်ရေး ဆင်နွှဲနေသည့် ညီနောင်မဟာမိတ်၃ဖွဲ့ MNDAA ၊ TNLA ၊ AAတို့နှင့် စစ်ကောင်စီက တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲ တိုးတက်မှုအခြေ အနေပေါ်မူတည်၍ ယခုလကုန် ဒီဇင်ဘာလတွင် ထပ်မံ ဆွေးနွေးသွားမည်ဟု စစ်ကောင်စီပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

စစ်ကောင်စီ၏ မြန်မာနိုင်ငံအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ တာဝန်ရှိများနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ အကူအညီဖြင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်သည်။

ထိုသို့ နှစ်ဖက်တွေ့ဆုံဆွေးမှုများ ရှိခဲ့သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်လာချိန်အထိ ရှမ်းမြောက်ဒေသနှင့် ရခိုင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ညီနောင်မဟာမိတ်အဖွဲ့က စစ်ကောင်စီတပ်စခန်းများကို ထပ်မံသိမ်းပိုက်ခဲ့ကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ထို့ပြင် ညီနောင်မဟာမိတ် ၃ ဖွဲ့ကမူ ၁၀၂၇ စစ်ဆင်ရေး စတင်သည့်အချိန်ကတည်း ကထုတ်ပြန်ထားသော စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ ပြည့်ဝစေရန် နှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော စစ်အာဏာရှင်စနစ် အမြစ်ပြတ် ရေးတိုအတွက် မိမိတို ညီနောင်မဟာမိတ်သုံးဖွဲသည် တစ်ရက်မျှရပ်နားခြင်းမရှိဘဲ အရှိန်အဟုန်မပျက် ဆင်နွှဲလျက်ရှိကြောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေး ၏ ၄၆ ရက်မြောက်နေ့သို ရောက်ရှိလာခဲ့ပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်တပ်၏ စခန်းကြီး၊ ငယ်များနှင့် လက်နက်ချ အညံ့မခံဘဲ ခုခံထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အပြီးသတ်ချေမှုန်းနိုင်ရေးအတွက် ဆက် လက်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်၏ အတွဲလိုက်ပစ်ဒုံးတင်ကားနှင့် ဒုံးပစ်စင်ကို MNDAA တပ်ဖွဲ့က ယခင်လအတွင်း သိမ်းပိုက်ရရှိခဲ့စဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *