မူဆယ် ၁၀၅ မိုင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်မှုများ ဆက်တိုက်လုပ်နေသဖြင့် တရုတ်ပြည်ဘက်အခြမ်းမှ ပြည်သူတချို့ ထိတ်လန့် ရွှေ့ပြောင်း

အကြမ်းဖက်စစ်ကောင်စီတပ်က မူဆယ် ၁၀၅ မိုင်တွင် လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန် လုပ်ဆောင်နေသဖြင့် တရုတ်ပြည်ဘက်အခြမ်းမှ ပြည်သူတချို့ ထိတ်လန့် ပြောင်းရွှေ့မှုများရှိနေကြောင်း ဒေသပြည်သူများကပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ဒီမနက် မူဆယ် ၁၀၅ မိုင်သို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် စစ်ကူများ ပေးပို့နေပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့်လည်း ပစ်ခတ်မှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ရဟတ်ယာဉ် ၃ စီး၊ ၄ စီးနဲ့ကို ပစ်ခတ်နေတာ။ ကြယ်ဂေါင်ဘက်က ဒေသပြည်သူတချို့ ကြောက်ပြီး ရွှေ့ကြတာရှိတယ်။ တရုတ်ဘက်ကနေ မြင်နေရတယ်။ ပစ်နေခတ်နေတာတွေကို။ တရုတ်အခြမ်းဘက်ကို ကျတာတွေလည်းရှိတယ်။ တစ်ချိန်လုံးပစ်နေတာ။ တိုက်ပွဲလည်း အတော်ကို ပြင်းထန်နေပုံရတယ်” ဟု ကြယ်ဂေါင်တွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း စစ်ဘေးရှောင် တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မူဆယ် ၁၀၅ မိုင် မကျဆုံးစေရေးအတွက် လေကြောင်းကို အဓိက အသုံးပြုတိုက်ခိုက်နေပြီး လက်နက်ကြီးများဖြင့်လည်း တောက်လျှောက်ဆိုသလို ပစ်ကူနေကြောင်း၊ အရပ်သားထိခိုက်ဒဏ်ရာရရှိမှုများရှိသော်လည်း အခြေအနေမှာ ဆိုးဝါးသဖြင့် ကယ်ဆယ်ရေး မလုပ်ဆောင်နိုင်ကြောင်း၊ မူဆယ်မြို့နယ်ဘက်တွင် အသွားအလာမရှိဖြစ်နေပြီး မြို့မှာလည်း ခြောက်ကပ်နေကြောင်း၊ တိုက်ပွဲသံများကြောင့် ပြည်သူများ စစ်ဘေးရှောင်နေရသူများရှိသော်လည်း အများစုမှာ မိမိတို့အိမ်နေရာများထဲတွင်သာ နေထိုင်နေကြကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာက ရက်က အတော်ကြာနေပြီဆိုတော့ နားယဉ်လာပြီ။ ကြယ်ဂေါင်ဘက်က တချို့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေတော့ သွားကြပြီ။ ကျနော်တို့ လင်မယားတော့ သေလည်း သေပါစေတော့၊ အိမ်မှာရှိတာတွေ စောင့်ရင်း ကျန်ခဲ့တာပါ” ဟု မူဆယ်မြို့မှ ဒေသခံပြည်သူတစ်ဦးက ရှင်းပြသည်။

မူဆယ်မြို့အနီး တိုက်ပွဲပြင်းထန်နေ

မူဆယ်မြို့နှင့် (၁၀၅)ကုန်သွယ်ရေးဇုံကြား၌ ယနေ့ (ဒီဇင်ဘာ ၁၄ရက်)နေ့လယ်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်နေသည်။

မူဆယ်နှင့် (၁၀၅)ကုန်သွယ်ရေးဇုံကြား နမ့်ခွန်ရွာ၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းဟု ဒေသခံများက ပြောသည်။

“တိုက်ပွဲက မူဆယ်နဲ့ နီးနေပြီ။ စစ်တပ်ဘက်က ဟတ်စကီးနဲ့ ပတ်ပစ်နေပြီး မဟာမိတ်တွေကလည်းအောက်ကနေ ပြန်ပစ်တာ။ အခု မူဆယ်မြို့ပေါ်က ဆိုင်တွေ ပိတ်ထားကြပြီ”ဟု မြို့ခံတစ်ဦးက ပြောသည်။

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုံနှင့် အနီးတွင် ပြီးခဲ့သည့် နိုဝင်ဘာ တတိယလပတ်မှစ၍ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

စစ်‌ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးအသုံးပြုတိုက်ခိုက်ရာ နိုဝင်ဘာ ၂၆ရက်တွင် အရပ်သားနှစ်ဦး၊ နိုဝင်ဘာ ၂၇ရက်တွင် အရပ်သားသုံးဦး သေဆုံးခဲ့သည်။

မူဆယ်မြို့အနီးရှိ (၁၀၅)မိုင် ရန်သူ့စစ်ဗျူဟာစခန်းကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက် ချရန် ပြောထားသော်လည်း အညံ့မခံသောကြောင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းနှင့် ပြည်သူလူထုအား လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်နေသောစခန်းများကို တစ်ခုပြီးတစ်ခု ဆက်လက်တိုက်ခိုက်သွားမည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

တိုက်ပွဲသည် တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာပြီး ယခုရက်ပိုင်းတွင် မူဆယ်မြို့အနီးအထိ ရောက်ရှိလာခြင်းဟု ဒေသခံများကပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *