ရန်ကုန်မှာ ပေါက်ကွဲမှုတွေဖြစ်ပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရ

ရန်ကုန်မှာ မနေ့ညပိုင်းက မြို့နယ် ၇ မြို့နယ် မှာပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ပေါက်ကွဲမှုတွေဟာ မင်္ဂလာဒုံ ၊ အလုံ ၊ တာမွေ ၊ဒေါပုံ ၊ တောင်ဒဂုံ ၊ဒဂုံဆိပ်ကမ်း ၊ ဒလမြို့နယ်တွေမှာဖြစ်ပွားခဲ့တာပါ။

မင်္ဂလာဒုံမြို့နယ်အတွင်းမှာဆိုရင် ည ၆ နာရီခွဲဝန်းကျင်ကနေ ည ၈ နာရီအတွင်း ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ မင်္ဂလာဒုံမြို့နယ် ရန်ကုန် − ပြည်လမ်းဘေးက ပန်းခြံကုန်း ကားမှတ်တိုင် ၊ အ.ထ .က ( ၄ ) ကျောင်းရှေ့ နဲ့ အမှတ် ၃ လမ်းမတို့မှာပေါက်ကွဲမှုတွေဖြစ်တာလို့သိရပါတယ်။

မင်္ဂလာဒုံမြို့နယ်ထဲက ပေါက်ကွဲမှုတွေမှာတော့ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ အလုံမြို့နယ် ၊အောက်ကြည့်မြင်တိုင်လမ်းပေါ်က ဆောက်လုပ်ဆဲ Best Western Hotel မှာ မနေ့ညပိုင်း ၇ နာရီခွဲခန့်က ဖြစ်ပွားတဲ့ပေါက်ကွဲမှုလည်း ပြင်းထန်ပြီး လူ ၅ ဦးဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ဒါအပြင် တာမွေမြို့နယ် ၊ ကျိုက္ကဆံလမ်း ၁၅၄ လမ်းနဲ့ ၁၅၅ လမ်းကြား ၊ ဒေါပုံမြို့နယ် ကြည်စုရပ်ကွက် ၊ တောင်ဒဂုံမြို့နယ် ၂၄ ရပ်ကွက် ၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၉၂ ရပ်ကွက်၊ ဒလမြို့နယ်. ဗိုလ်ရန်ပြေရပ်ကွက်တွေမှာလည်း ည ၆ နာရီခွဲကနေ ည ၉ နာရီအတွင်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီပေါက်ကွဲမှုတွေအကြောင်းနဲ့ထိခိုက်ဒဏ်ရာရသူတွေရဲ့ အနီးကပ်ဓာတ်ပုံတွေကို စစ်ကောင်စီအာဘော်တယ်လီဂရမ်အချို့မှာ ဖော်ပြလာကြတာလည်းတွေ့ရပါတယ်။

မနေ့ညပိုင်းက ဖြစ်ပွားတဲ့ ပေါက်ကွဲမှုအများစု ဟာ လမ်းဘေး တမင်ချထားတဲ့ Bluetooth ဆောင်းဘောက်စ် တွေထဲ ထည့်ထားတဲ့ ဗုံးပေါက်ကွဲတာလို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ထားပါတယ်။

အခုလို ပေါက်ကွဲမှုတွေမဖြစ်ခင်ကတော့ ရန်ကုန်မှာ စစ်ကောင်စီတပ်ဟာ သံချပ်ကာကားတွေ ၊အထူးတပ်ဖွဲ့ဝင်တွေ ညပိုင်းကင်းလှည့်ပြီး အင်အားပြတာမျိုး လုပ်ခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *