လိုင်ဇာအနီး ခရာဘွမ်စခန်းသို့ စစ်လက်နက်၊ရိက္ခာပို့သည့် စစ်ယာဉ်တန်းကို KIA ပူးပေါင်းတပ် ကြားဖြတ်တိုက်ခိုက်

ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီ၏ ခရာဘွမ်တပ်စခန်းသို့ စစ်လက်နက်နှင့် ရိက္ခာများ ပို့ဆောင်သည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်က ယမန်နေ့တွင် တိုက်ခိုက်ခဲ့သည်ဟု KIA သတင်းပြန်ကြားရေးက အသိပေးသည်။

စစ်ကောင်စီ၏ ခလရ(၁၄၂) တပ်ရင်းကခရာဘွမ်ဘက်သို့ ရိက္ခာ၊ စစ်လက်နက်များအား စစ်ကား ၁၈ စီးဖြင့် သယ်ဆောင်လာသည့် စစ်ကြောင်းကို KIA တပ်မဟာ(၅) တပ်ရင်း(၁၉)နယ်မြေတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

စစ်ကောင်စီရဲ့ စစ်ကြောင်းကို KIA တပ်ရင်း(၁၉)နှင့်ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်ခဲ့သည်ဟုဆိုသည်။ တိုက်ခိုက်မှုကြောင့် ထိခိုက်​သေဆုံးမှုရှိ ၊မရှိကိုမူမသိရပေ။

ထို့ပြင် စစ်ကောင်စီတပ်သည် KIA ဌာနချုပ် လိုင်ဇာသို့လည်းလက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်းရမ်းသန်းပစ်ခတ်ခဲ့သည်ဟုဆိုသည်။

လတ်တလောတွင် စစ်ကောင်စီ က လိုင်ဇာအနီးဝန်းကျင်၌ စစ်ရေးလှုပ်ရှားခြင်းများ ပြန်လည်လုပ်လာကြောင်းလည်း အသိပေးထားသည်။

KIAသည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း ၂ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

(KIA တပ်ဖွဲ့ဝင်အချို့ကို​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရမှု/ပုံ​​ဟောင်းဖြစ်ပါသည် ။ဓါတ်ပုံ-CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *