အင်းလေးမှာ ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ် ရှင်းလင်းခံရ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မင်းချောင်းအနောက်ဘက် ကျေးရွာမှာ ဆက်ကြေးကောက်ပြန်လာတဲ့ ပျူစောထီး ၂ ဦးဟာ ပစ်ခတ်ရှင်းလင်း ခံလိုက်ရတယ်လို့ ကျေးရွာနေ ပြည်သူတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၁၆ ရက် ညနေ ၆ နာရီဝန်းကျင်လောက်က ရွာအဝင် လမ်းမကြီးပေါ်မှာ ပစ်သတ်ခံလိုက်ရတာဖြစ်ပြီး အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးတယ်လို့ ဆိုပါတယ်။

ကျေးရွာချင်း နီးစပ်သူ အမျိုးသမီး တစ်ဦးက “ဘယ်အဖွဲ့က ပစ်သတ်လဲ မသိဘူး။ မင်းချောင်းရွာက အသိတစ်ယောက်က ဖုန်းဆက်လာတယ်။ မင်းချောင်းရွာအဝင် လမ်းမကြီးပေါ်မှာ ပျူစောထီး ၂ ယောက် ပစ်သတ်ခံရတယ်တဲ့။

ခြေကားယား လက်ကားယားနဲ့ သေနေတာ။ နောက်တော့ ရဲနဲ့ စခ(စစ်ကောင်စီ)တွေ အလောင်းလာသယ်သွားတယ် ပြောတယ်။ ညောင်ရွှေကို” လို့ ပြောပါတယ်။

သေဆုံးသူ ၂ ဦးဟာ အသက် ၅၅ နှစ်ဝန်းကျင်နဲ့ နောက်လိုက်တပည့်တစ်ဦးတို့ဖြစ်ပြီး စစ်ကောင်စီ ပေးအပ်ထားတဲ့ လက်နက်တွေနဲ့ ကျေးရွာနေ ပြည်သူတွေကို အနိုင်ကျင့်၊ ခြိမ်းခြောက်၊ ရမ်းကားနေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ ၂ ဦးဟာ စစ်ကောင်စီခန့် အင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းရဲ့ တပည့်ဖြစ်သူ အင်လေးပျူစောထီး ဥက္ကဌဖြစ်သူရဲ့ စည်းရုံးမှုတွေကြောင့် ပျူစောထီး ဖြစ်လာကြတာဖြစ်ပြီး စစ်ကောင်စီက လစဉ်လတိုင်း ဆန်တစ်အိတ် ဆီတစ်ပုံး ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးနဲ့ နီးစပ်သူ အမျိုးသမီး တစ်ဦးက “သူတို့ ၂ ယောက်က ပျူစောထီး ဆိုတာ လုံးဝသေချာတယ်။ ဘာလို့လဲ ဆိုတော့သူတို့ ၂ ယောက် ဦးဆောင်ပြီးတော့မှာ စစ်တပ်ကို တော်လှန်ရေး သတင်းတွေ ပေးတယ်။ ပြီးရင် ဒီလို လမ်းညွှန် ပြသတဲ့ အတွက်ကြောင့် အဖမ်းခံရသူတွေ၊ နောက်သေသွားတဲ့ လူတွေ တော်တော်များများ ရှိပြီပေါ့နော်။ သူတို့ ၂ ယောက်က လုံးဝကိုကြာပြီ။ အဲလိုမျိုး ရက်စက်ယုတ်မာနေကြတာပေါ့နော်” လို့ ပြောပါတယ်။

အခုလို ပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပေမယ့် ကျေးရွာနေ ပြည်သူတွေက တော်လှန်ရေး အဖွဲ့အစည်း တစ်ခုခုက လုပ်ဆောင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့တုန်းကလည်း အင်းလေးဒေသ ဟဲယာရွာမက ပျူစောထီး ဒလန် ဦးရဲမြင့်နှင့် သမက်ဖြစ်သူ ကိုကျော်စွာတို့ ၂ ဦးဟာလည်း မင်းချောင်းကျေးရွာနဲ့ နီးစပ်တဲ့ သန်းထောင်ဈေးမှာ ပစ်ခတ်ရှင်းလင်း ခံခဲ့ရဖူးပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *