ဆားလင်းကြီး​နှင့် ရွှေဘိုမြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများအား PDFများ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး​နှင့် ရွှေဘိုမြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများအား ဒေသတွင်း PDFများက ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၆ ရက် နံနက် ၁၀နာရီခန့်က ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ ရဲစခန်း၊ ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်းနှင့် ဆေးရုံတို့ကို ဒေသတွင်း တော်လှန်ရေးအင်အားစုများက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲမှာ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး ရှေ့တန်းမှ တိုက်ခိုက်ခဲ့သော ရဲဘော်များ၏ မျက်မြင်အရ စစ်သား ငါးဦးသေဆုံးဟုအတည်ပြုနိုင်ကြောင်း Golden Eagle Force-Monywa အဖွဲ့ကဆိုသည်။

ယင်းမာပင်ခရိုင် တပ်ရင်း(၃၅)မှ စစ်ကြောင်းမှူးတစ်ဦးနှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် သုံ’ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် ၃၅ – PDA Yinmarbin နှင့်အတူ တပ်ခွဲ(၃)တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် ၁၆ တပ်ခွဲ (၁) – Brother Defence Force၊ ဆားလင်းကြီးမြို့နယ်လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစု၊ ချင်းတွင်းနွေဦး၊ SPDF၊ မုံရွာခရိုင်တပ်ရင်း ၂၅ ခွဲ (၁)(၅)၊ Under Ground Force(မုံရွာ)၊ တောသားကြီး၊ ဆားလင်းကြီး(ပလဖ)၊ တိုက်ဂါး၊ မဲမှောက်ပြောက်ကျားတပ်တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၃၅)က ထုတ်ပြန်ထားသည်။

အခြားစစ်မျက်နှာအနေဖြင့် Monywa Underground Force(MUGF)၊ မိုးကြိုးကျည်ဆံပျောက်ကြားတပ်ဖွဲ့၊ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့၊Brama Liberation Democatic Front-BLDF၊Salingyi Revolution Army -SRAတို့လည်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ​ဒေသတွင်းတော်လှန်ရေးအင်အားစုများကို ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

“မြို့ပေါ်ဝင်တိုက်တာတော့ ဟုတ်တယ်။ အထိအခိုက်ကတော့ မသိရသေးဘူး။”ဟု ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလားတူ ဒီဇင်ဘာ ၁၆ ရက် နံနက် ၇ နာရီခွဲခန့်က ရွှေဘိုမြို့၊ အမှတ်(၁) မြို့မရဲစခန်းနှင့် မြို့အဝင် မုခ်ဦးရှိ စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးစီချကာ တိုက်ခိုက်ခဲ့ကြောင်း War Lord Defense Force ShweBO PDFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုကြောင့် ရဲ တစ်ဦးသေဆုံးပြီး စစ်အုပ်စုဝင် ၅ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ၎င်းကဆိုသည်။

“ထိတာက မြို့မရဲစခန်းထဲကပါ။ မြို့မစခန်းပြီးတာနဲ့ မုခ်ဦးကိုတန်းချတာ။”ဟု War Lord Defense Force ShweBO PDFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါတိုက်ခိုက်မှုအား War Lord Defense Force ShweBO PDF နှင့်ရွှေဘိုအားမာန် မြို့ပြပျောက်ကျား UGတပ်ဖွဲ့ ၊ရွှေဘိုမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ ၊ မဟာမိတ်ဖြစ်သော နယ်စီးမခြား ဗိုလ်ပျံလွှား (ဝလ) ကျားညီနောင်အဖွဲ့ ၊ Black Silencer Defence Force ၊ BFDF ၊ တန ၅ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်လင်းရောင်(ဒပယ) ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(ရုပ်သံ – ဆားလင်းကြီးမြို့ရှိ စစ်ကောင်စီအား PDFများ တိုက်ခိုက်နေစဥ်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *