အနိုင်ရသည်အထိဆက်၍ တိုက်ပွဲဝင်မည်ဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များအချိန်မီ ပြည်သူ့ဘက် ကူးပြောင်းလာရန် CNF တာဝန်ရှိသူ မေတ္တာရပ်ခံ

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး စစ်ဆင်ရေးကို မဖြစ်မနေ အနိုင်ရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးဖြစ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံ တနံတလျား၌ စခန်းသိမ်းတိုက်ပွဲများကို ထိုးစစ်များကို တော်လှန်ရေးတပ်ဖွဲ့များက လုပ်ဆောင်လာနိုင်သည့် အနေအထားရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

“အဓိကကတော့ ဒီ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့ဝင်တွေ ပြီးတော့ စစ်ကောင်စီအောက်မှာ လုပ်နေတဲ့ ပံ့ပိုးနေတဲ့ Non CDM သမားတွေကို မေတ္တာရပ်ခံချင်တယ်။ အချိန်မီ ကျနော်တို့နဲ့ ပူးပေါင်းပါဝင်လာကြပါ။ ကျနော်တို့ ပြည်သူ့ဘက်တော်သားအဖြစ် ပြောင်းပြီး ဝင်လာကြပါ။ ကျနော်တို့ စစ်ဆင်ရေးကတော့ မဖြစ်မနေ အနိုင်ရတဲ့အထိ ကျနော်တို့က ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တဲ့အတွက် အချိန်မီ ဘက်ပြောင်းလာကြပါလို့ အဓိကတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေပေါ့နော်”ဟု ဆလိုင်းထက်နီက ပြောသည်။

လူတစ်စုစာ စစ်ဗိုလ်ချုပ်များ အကျိုးစီးပွားကို မကြည့်ဘဲ ပြည်သူများ၏ အကျိုးစီးပွားကို
ကြည့်ပြီး အချိန်မနှောင်းခင် ပြည်သူ့ဘက် ပါဝင်လာကြရန်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆလိုင်းထပ်နီက ထပ်လောင်းပြောသည်။

ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)များသည်လည်း ၁၀၂၇စစ်ဆင်ရေးနှင့် ဟန်ချက်ညီစစ်ဆင်ရေးများကို ဖော်ဆောင်လျက်ရှိရာ မြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲအောင်မြင်လျက်ရှိသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်၊ မတူပီမြို့နယ် လိုင်လင်းပီမြို့နှင့် ရေဇွာမြို့များကို တိုက်ခိုက်သိမ်းပိုက်ထားပြီး တပ်စခန်းအချို့ကိုလည်း သိမ်းပိုက်ထားသည်။

(ရေဇွာမြို့သိမ်းတိုက်ပွဲမှ အောင်ပွဲပြန်လာသောCNA/CDF ရဲဘော်များအား ဒေသခံများက ကြိုဆိုနေကြစဉ်။ ဓာတ်ပုံ – The Chin Journal)


Comments

Leave a Reply

Your email address will not be published. Required fields are marked *