စဉ့်ကူးနယ် ပျူတွေက ကြံ့ခိုင်ရေးပါတီဝင်ရဲ့ အိမ်ကို ဒရုန်းနဲ့ ဗုံးထုပြီး ကြံ့ခိုင်ရေးပါတီ သီချင်းနဲ့ အောင်ပွဲခံ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ဧရာဝတီမြစ်ရိုး၊ ရွာသာယာကျေးရွာ ပျူစခန်းက စစ်အုပ်စုနဲ့ပျူတွေဟာ ယမန်နေ့ညပိုင်းက မြစ်တဖက်ကမ်း၊ ဝက်လက်မြို့နယ်၊ ကမ်းဖြူကျေးရွာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီဝင် တစ်ဦးရဲ့ နေအိမ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ပြီးနောက် ကြံ့ခိုင်ရေးပါတီ သီချင်းဖွင့်ကာ အောင်ပွဲခံတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ(၁၆)ရက် ည(၁၁)နာရီကျော်မှာ ရွာသာယာကျေးရွာ ပျူစခန်းက စစ်အုပ်စုနဲ့ပျူတွေက ကမ်းဖြူကျေးရွာက ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးရဲ့ နေအိမ်ကို ဒရုန်းနဲ့ ဗုံးချခဲ့တာကြောင့် နေအိမ်နဲ့ ပရိဘောဂတချို့ ပျက်ဆီးတယ်လို့ ဆိုပါတယ်။

အဲဒီလို ဗုံးထုတိုက်ခိုက်ပြီးနောက် ရွာသာယာကျေးရွာ ပျူတွေက အောင်ပြီ၊အောင်ပြီဆိုတဲ့ အော်ဟစ်သံတွေနဲ့အတူ ကြံ့ခိုင်ရေးပါတီ သီချင်းတွေ ဖွင့်ပြီး အောင်ပွဲခံ အော်ဟစ် နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညကြီး တဝီဝီနဲ့ ဒရုန်းလာတာ။ ခဏနေတော့ ပေါက်သံကြားတော့ ကိုယ့်ရွာထဲဆိုတာ သိတယ်။ မကြာဘူး သူတို့ (ပျူတွေ) အောင်ပွဲခံတဲ့ အသံက ညသံနဲ့ဆိုတော့ အကုန်ကြားနေရတာ။ ရွာကလည်း နှစ်မိုင်လောက် ဝေးတာလေ “လို့ ဒရုန်းနဲ့ဗုံးထုခံရတဲ့ ကမ်းဖြူရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးချခံရတဲ့ အိမ်ဟာ ယခင်က ကြံ့ခိုင်ရေးပါတီဝင်ရဲ့ နေအိမ်ဖြစ်ပြီး လက်ရှိမှာ နိုင်ငံရေး မလုပ်ဘဲ တောင်သူလုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

“အခုထိလည်း အဲဒီအိမ်က ကြံ့ခိုင်ရေးပါတီဝင်ပဲ။ ဒါပေမယ့် ဒလန်လုပ်တာ ဘာညာ မရှိတော့ အဲဒီ အိမ်ကို ဘယ်သူမှ အန္တရာယ် မပေးကြဘူး။ အခု သူတို့ဘက်က လာလုပ်သွားတာပဲ “လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီ စဉ့်ကူးနယ် ရွာသာယာကျေးရွာက အမျိုးသားတွေကို စစ်အုပ်စုက ပျူသင်တန်းပေး၊ လက်နက်ထုတ်ပေးကာ ပျူအဖြစ် လက်သပ်မွေးထားပြီး ဒေသတွင်း ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ ခိုးယူ၊ မီးရှို့တာတွေ ကျူးလွန်စေကာ ခိုးရာပါ ပစ္စည်းတွေ ခွဲဝေပေးနေကြောင်းနဲ့ အဲ့ဒီရွာက ပျူတွေဟာ စစ်အုပ်စု အားကိုးနဲ့ ဒေသတွင်း ထင်တိုင်းကျဲ အကြမ်းဖက် သောင်းကျန်းနေပြီး လက်ရှိမှာတော့ ညစဥ်ညတိုင်း အနီးနားက ကျေးရွာတွေကို ဒရုန်းနဲ့ လိုက်လံ ဗုံးချနေတာလို့ ဒေသခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုက စဉ့်ကူးနယ်ထဲ ပျူအင်အားတိုးချဲ့ဖို့ ကြိုးစားနေပြီး စဉ့်ကူးနယ်က ပျူအဖွဲ့ ဖွဲ့စည်းထားပြီး ပျူတွေ ကြီးစိုးထားတဲ့ ကျေးရွာတွေက လူငယ်၊ လူလတ်ပိုင်းတွေ အားလုံးကို ပျူအဖွဲ့ထဲ ဝင်ဖို့နဲ့ မဝင်ပါက အိမ်မီးရှို့မယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *