အရာတော်မှာ PDF ပူးပေါင်းတပ်တွေတိုက်ခိုက်လို့ စစ်ကောင်စီဘက်က အနည်းဆုံး ၇ ဦး သေ

အရာတော်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၁၁ ရက်နဲ့ ဒီဇင်ဘာလ ၁၇ ရက်တွေမှာ သွားရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၇ ဦးသေဆုံးနိုင်တယ်လို့ မိတ္ထီလာခရိုင်တပ်ရင်း ၂ က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်က အရာတော် ၅၀၀၄ တပ်ကနေ နောင်ကြီးအိုင်ရွာဘက်ကိုထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့်ကို မုံရွာခရိုင်တပ်ရင်း ၆၊ မုံရွာခရိုင်တပ်ရင်း၁၈၊ မုံရွာခရိုင်တပ်ရင်း၁၉၊ မုံရွာခရိုင်တပ်ရင်း ၂၄၊ မုံရွာခရိုင်တပ်ရင်း ၂၆ နဲ့ မိတ္ထီလာခရိုင်တပ်ရင်း ၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၇ ဦး သေဆုံးနိုင်တယ်လို့ မိတ္ထီလာခရိုင်တပ်ရင်း ၂က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်မှာလည်း နောင်ကြီးအိုင်ရဲစခန်းကနေ အုက္ကံရွာကို လာရောက်တဲ့ စစ်ကောင်စီတပ် အင်အား ၅၀ ခန့်ကို မုံရွာခရိုင်တပ်ရင်း၆၊ မုံရွာခရိုင်တပ်ရင်း ၂၄၊ မိတ္ထိလာခရိုင်တပ်ရင်း ၂ နဲ့ အရာတော် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ၄ ဦး ထိခိုက်သွားတာကို မျက်မြင်တွေ့ခဲ့ရပြီး ၆၀ မမ ကိုင်ဆောင်လာတဲ့ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးနိုင်တယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *