မီးသတ်ကားတွေပါ ပြေးနေရပီ

နမ့်ဆန်နှင့်ကျောက်မဲအကြားရှိ မိုင်းငေါ့မြို့တွင် စစ်လေယာဉ်ဖြင့် ဗုံးကျဲခံရမည်စိုးရိမ်၍ မြို့လုံးကျွတ် ပြည်သူများ ထွက်ပြေးတိမ်းရှောင်၊ မြို့ထဲရှိ မီးသတ်ကားများကိုပါ ဘုန်းကြီးကျောင်းထဲသို့ ပြောင်းရွှေ့ရပ်နားထား

စစ်တပ်က ကျောက်မဲမြို့သို့ ရဟတ်ယာဉ်များဖြင့် စစ်ကူများ တောက် လျှောက်ပို့နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်နှင့်ကျောက်မဲမြို့နယ်အကြားရှိ မိုင်းငေါ့မြို့တွင် တိုက်ပွဲဖြစ်ပွားပြီး လေယာဉ်ဖြင့် ဗုံးကျဲခံရမည်စိုးရိမ်၍ မြို့လုံးကျွတ် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့မှ ပြည်သူများကပြောဆိုကြသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မိုင်းငေါ့မြို့တွင် ပြည်သူများ မရှိကြတော့ဘဲ တစ်မြို့လုံး တိတ်ဆိတ်ခြောက်ကပ်သွားကြောင်း၊ မိုင်းငေါ့မြို့သည် ကျောက်မဲမြို့နယ်အတွင်းရှိ တည်ရှိပြီး နမ့်ဆန်နှင့် ကျောက်မဲအကြားတည်ရှိကြောင်း၊ လတ်တလော နမ့်ဆန်နှင့်ကျောက်မဲဘက်တွင် တိုက်ပွဲ များ ပြင်းထန်လာ၍ မိုင်းငေါ့မြို့အထိ တိုက်ပွဲများ ကူးစက်လာမည်ကို မြို့မှ ပြည်သူများ က စိုးရိမ်နေကြသဖြင့် မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေကြကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်ကြပြီး မီးသတ်ကားများကို ဘုန်းကြီးကျောင်းအတွင်းသို့ ပြောင်းရွှေ့ ရပ်ထားကြကြောင်း သိရှိရသည်။

“မိုင်းငေါ့မြို့မှာ တိုက်ပွဲဖြစ်မှာစိုးလို့ တော်တော်များများထွက်ပြေးကုန်ကြပြီ။ မီးသတ်ကားတွေလည်း ဘုန်းကြီးကျောင်းထဲရွှေ့ထားရတယ်။ ထိခိုက်ပျက်စီးမှာစိုးလို့ ။ မိုင်းငေါ့က နမ့်ဆန်နဲ့လည်းနီးတယ် ကျောက်မဲနဲ့လည်းနီးတယ်။ နမ့်ဆန်နဲ့ကျောက်မဲကြားထဲမှာရှိတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မိုင်းငေါ့မြို့ တည်ရှိသော ကျောက်မဲမြို့နင်္ယထဲသို့ စစ်တပ်က ရဟတ်ယာဉ်များဖြင့် စစ်ကူများ တောက်လျှောက်ဖြည့်တင်းနေကြောင်း၊ စစ်ရဟတ်ယာဉ်များဖြင့် စစ်ကောင်စီက လူအင်အား၊ လက်နက်ခဲယမ်းအင်အား အပြည့်ဖြည့်တင်းနေကြောင်း၊ ထို့ကြောင့် ပြည်သူများက တိုက်ပွဲများဖြစ်ပွားပါလာက ပြင်းထန်သော ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *