KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်က အခိုင်အမာ တပ်စွဲထားသော မိုလိုကျိုးနှင့် စော်ထာ တပ်စခန်းတို့ကို တိုက်ခိုက် သိမ်းပိုက်မှုတွင် စစ်သား အလောင်း ၇၀ နှင့် လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်က အခိုင်အမာ တပ်စွဲထားသော မိုလိုကျိုးနှင့် စော်ထာ တပ်စခန်းတို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာတွင် စစ်သား အလောင်း ၇၀ နှင့် လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU-မူတြော် က တရားဝင် သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် KNLA-ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ အမှတ် ၅ တပ်မဟာ စစ်သည်တော်များနှင့်အတူ ကရင်နီအမျိုးသား တိုးတက်ရေး တပ်မတော်(KNPP)နှင့် ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်မတော် (KNPLF) တို့က ပူးပေါင်းကာ အကြမ်းဖက် စစ်တပ်၏ ခလရ ၅၇ တပ်စခန်းဖြစ်သည့် မိုလိုကျိုး (ခေါ်) ဖဲထာစခန်းနှင့် စော်ထာစခန်းတို့ကို တပြိုင်တည်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စခန်းများကို တိုက်ခိုက် ချေမှုန်းမှု အပြီးတွင် အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးနေသော စစ်သား ၇၀ ဦး၏ အလောင်းများကို တွေ့ရှိကာ စစ်သား အနည်းငယ်မျှသာ ထိခိုက်ဒဏ်ရာရရှိပြီး ထွက်ပြေး လွတ်မြောက်သွားနိုင်ဖွယ်ရှိနိုင်ကြောင်းသိရသည်။

ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များဘက်မှ ရဲဘော် ၅ ဦး တိုင်းပြည်နှင့် လူမျိုးများအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်းသိရှိရသည်။

ယင်း စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ ၈၁ မမ စိန်ပြောင်း ၁ လက် ၎င်းကျည် ၁၂ လုံး ၊ RPG-7 ၁ လက် ယမ်းတောင့် ၄၀ တောင့်နှင့် ၎င်းကျည်ဖူး ၃၈ လုံး ၊ K-3 မော်တာ ၃ လက်၊ K-3 ၁၆ လက် ကျည်ဘောက် ၄၅ ချပ်နှင့် ၎င်းကျည် ၁၄၁၇၇ တောင့် ၊ G-3 ၁ လက် ၊ စက်လတ် ၁ လက်နှင့် ၎င်းကျည် ၁၇၈ တောင့် ၊ BKM စက်လတ် ၁ လက်နှင့် ၎င်းကျည် ၉၄၆ တောင့် ၊ အသေးစား စက်လတ် ၁ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်နှင့် ၎င်းကျည်ဖူး ၈ လုံး၊ 60mm Long Range ကျည်ဖူး ၈ လုံး၊ ၉ မမ ပစ်စတို ၂ လက်၊ ခွင်းဗုံး ၁၇ လုံး ၊ လက်ပစ်ဗုံး ၁၂ လုံး၊ 14 mm နင်းမိုင်း ၉၁ လုံး၊ 16 mm နင်းမိုင်း ၁၂ လုံး၊ တိုက်မိုင်း ၁၂ လုံး၊ Nato စက်လတ်ကျည် ၅၅၀၀ တောင့်၊ ရှေ့ထွက်မိုင်းပြား ၈ ချပ်၊ မိုင်းရှင်းစက် ၁ လုံး၊ ဆက်သွယ်ရေး စက်ကြီး ၁ လုံးနှင့် ဒရုန်းပစ် သေနတ် ၁ လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လာရောက်တပ်စွဲထားသော မိုလိုကျိုးနှင့် စောထတပ် စခန်းများသည် ကရင်-ကရင်နီ နယ်စပ် ကရင်ပြည်နယ် အပိုင်တွင်တည်ရှိကာ ၁၉၉၂ ခုနှစ်မှ စတင်ပြီး ၃၁ နှစ်ကြာမျှ မတရားနယ်မြေ သိမ်းပိုက်ကာ အခိုင်အမာ တပ်စွဲထားပြီး ထိုဒေသအတွင်းရှိ ဌာနေပြည်သူများ ကူးလူးသွားလာသည့်အခါတိုင်းတွင် စားနပ်ရိက္ခာများ အဓမ္မ တောင်းရမ်းစားသောက်ခြင်းနှင့် စစ်ဆေးခြိမ်း‌ခြောက်ခြင်းများ နေ့စဥ် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

မိုလိုကျိုးနှင့် စော်ထာ တပ်စခန်းမှ ထွက်ပြေး လွတ်မြောက်သွားသည့် ခလရ ၅၇ တပ်သားများသည် သံလွင်ကမ်းနားနှင့် အတော်အလှမ်းအကွာ‌ရှိ ကော်ဝေကျိုးတွင် တပ်စွဲထားသည့် ခမရ ၄၄၀ တပ်များနှင့် ပြန်ရောက်ပူးပေါင်းသွားကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *