ဂန့်ဂေါမြို့နယ်က မြစ်သာဆည် စစ်တပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

မကွေးတိုင်း ဂန့်ဂေါမြို့နယ်က စစ်ကောင်စီရဲ့ မြစ်သာဆည် တပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိထားကြောင်း CDF လောက်တူဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၁ ရက်မှာ အင်အား ၄၀ ခန့်ရှိတဲ့ မြစ်သာဆည် တပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး မနေ့ ဒီဇင်ဘာ ၂၂ ရက် မနက် ၇ နာရီဝန်းကျင်မှာ စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိထားကာ စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်က သေဆုံးသူ များခဲ့တယ်လို့ CDF လောက်တူရဲ့ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

“စခန်းကို ဒီဇင်ဘာ ၂၁ ရက် ညမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၂ ရက် မနက် ၇ နာရီမှာ စခန်းကို သိမ်းပိုက်ရခဲ့တယ်။ စစ်ကောင်စီဘက် သေဆုံးမှု များသလို စခန်းစွန့်ခွာ ထွက်ပြေးကြတာလည်း ရှိတယ်။ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းကို သိမ်းဆည်းရမိတယ်။ အသေးစိတ်ကို သိရဖို့ အချက်လက်တွေ စုစည်းနေတုန်းပါ။ နောက်မှ သေချာထုတ်ပြန်သွားပါမယ်”

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က စခန်းမကျစေရေးအတွက် ဂျက်လေယာဥ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် တပ်ကုန်းကနေလည်း လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးနေပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးမှု ရှိနိုင်ကြောင်း သိရပါတယ်။
မြစ်သာဆည် စခန်းသိမ်းတိုက်ပွဲကို ZZLMS ချင်းညီနောင်တပ်ဖွဲ့၊ CDF (မင်းတပ်)၊ CNDF၊ CDF-KKG နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ လုပ်ဆောင်ခဲ့တာပါ။

တိုက်ပွဲအပြီးမှာ ဂန့်ဂေါအခြေစိုက် စစ်ကောင်စီ ခလရ ၅၀ တပ်ရင်းနဲ့ အမြှောက်တပ် ၃၇၁ တပ်ရင်းမှ မြို့နဲ့ အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ အရပ်သား ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေက မနေ့ နေ့လယ်က ဂန့်ဂေါမြို့အတွင်း ကား ၆ စီးနဲ့ ကင်းလှည့်ခဲ့တယ်လို့လည်း သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *