AA ယူသွားသည့် စက်လှေကို ပြန်မတောင်းပေးပါက ရသေ့တောင်မြို့ကို လက်နက်ကြီးနှင့် ပစ်ခတ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်နေ

ရခိုင်ပြည် ရသေ့တောင်မြို့တွင် စစ်ကောင်စီက ပစ္စည်းသယ်ယူရေး ပြုလုပ်နေသည့် စက်လှေကို ရက္ခိုင့်တပ်တော် AA က ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ယူဆောင်သွားကြောင်း သိရသည်။

ယမန်နေ့ နေ့လယ်ပိုင်းက ယူသွားခြင်းဖြစ်ပြီး စက်လှေကို ဒေသခံများအနေဖြင့် ပြန်မတောင်းပေးပါက ရသေ့တောင်မြို့ကို လက်နက်ကြီးနှင့် ပစ်ခတ်မည်ဟု ဒေသအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့များက ခြိမ်းခြောက်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

မြို့ခံတစ်ဦးက “စစ်ကောင်စီက ရိက္ခာသယ်ယူရေးနဲ့ စစ်ရေးမှာအသုံးပြုနေတဲ့ စက်လှေကို AA က မနေ့က သိမ်းယူသွားပါတယ်။ စက်လှေကို ပြန်တောင်းပေးပါဆိုပြီး ဌာနဆိုင်ရာ အရာရှိအချို့နဲ့ စစ်ကောင်စီတပ်သားတွေက မြို့ခံတွေကို လိုက်ပြောနေပါတယ်။ တကယ်လို့ မတောင်းပေးရင် မြို့ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်မယ်လို့ ခြိမ်းခြောက်နေပါတယ်။ AA က ယူသွားတာကို ကျနော်တို့က ဘယ်လိုလုပ် ပြန်တောင်းလို့ ရမလဲ။ တောင်းချင်ရင် ကိုယ့်ဟာကိုတောင်းပေါ့။ ကျနော်တို့က ပြည်သူတွေပါ လက်နက်ကိုင်တွေနဲ့ ဆက်စပ်ကြတာမဟုတ်ဘူး” ဟု ပြောသည်။

ရသေ့တောင်မြို့ သင်္ဘောဆိပ် (ဘုတ်ဆိပ်) မှာ ပစ္စည်းအတင်အချ ပြုလုပ်နေသည့်အချိန်တွင် AA က သိမ်းယူသွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ၏ စားနပ်ရိက္ခာနှင့် မိုခါမုန်တိုင်းကယ်ဆယ်ရေးပစ္စည်း သံချောင်းများ၊ ဘိလပ်မြေအိတ်များ ပါသွားကြောင်း စုံစမ်းသိရသည်။

စစ်တွေမြို့ ရချမ်းပြင်ဆိပ်ကမ်းမှတစ်ဆင့် သယ်ဆောင်လာသော ပစ္စည်းများဖြစ်ပြီး ယခင်ရက်များအတွင်းကလည်း ပစ္စည်းများအတင်အချ ပြုလုပ်ပြီးပြီဖြစ်ကြောင်း မျက်မြင်ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များမှ ခြိမ်းခြောက်နေ၍ ရသေ့တောင်မြို့ဒေသခံပြည်သူများမှာ စိုးရိမ်နေကြပြီး လက်နက်ကိုင်အချင်းချင်းပဋိပက္ခမှာ အရပ်သားပြည်သူများအား ဆွဲမထည့်သင့်ကြောင်း ဒေသခံအမျိုး သမီးတစ်ဦးက ပြောသည်။

“ကျမတို့က ပြည်သူတွေပါက ဘာမှဆိုင်တာမဟုတ်ဘူး။ AA က ယူသွားတဲ့ ပစ္စည်းကို ကျမတို့ တောင်းလို့မရဘူး။ စစ်ကောင်စီအနေနဲ့လည်း ပြည်သူတွေ အခုလို မခြိမ်းခြောက်သင့်ဘူး။ အခု ကျမတို့ အရမ်းစိုးရိမ်နေရပါတယ်။ ဘယ်နေ့ ကိုယ့်အိမ်ကို လက်နက်ကြီးကျလာမလဲ စိတ်ပူနေရတယ်။ လက်နက်ကိုင်တွေရဲ့ ပဋိပက္ခမှာ ပြည်သူတွေကို ဆွဲမထည့်သင့်ဘူး” ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည် စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းတို့အားဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပေ။

ရက္ခိုင့်တပ်တော် AA သည် စစ်ကောင်စီမှ စစ်ရေးအတွက်အသုံးပြုနေသော အများပြည်သူသုံး ရေယာဉ်များ၊ စက်လှေများနှင့် မော်တော်ယာဉ်များကို သိမ်းယူနေသည်။ ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ကျောက်တော်မြို့နှင့် ပလက်ဝမြို့သို့ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက် အသုံးပြုနေသော ရေယာဉ် နှစ်စီး စစ်ကောင်စီမှ စစ်ရေးအတွက် အသုံးပြုနေ၍ AA က သိမ်းယူသွားသည်။

ဒီဇင်ဘာလ ပထမအပတ်ကလည်း မြောက်ဦးမြို့က ဌာနဆိုင်ရာမော်တော်ယာဉ်အချို့ကို စစ်ကောင်စီမှ စစ်ရေးအတွက် အသုံးပြုနေ၍ ဌာနဆိုင်ရာပိုင် မော်တော်ယာဉ် ၆ စီးကိုလည်း AA က သိမ်းယူသွားခဲ့သည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် AA တို့သည် နေ့စဉ်အမျှ တိုက်ပွဲများဖြစ်ပွားနေကြပြီး စစ်ရေးအခြေအနေမှာ နှစ်ဖက်တင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီ၏ လက်နက်ကြီးများကြောင့် အရပ်သားပြည်သူ သိန်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ တကျော့ပြန်တိုက်ပွဲ တစ်လအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၂ ဦးထက်နည်းမသေဆုံးခဲ့ရပြီး ၁၂၉ ဦးအထိ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောနှင့် ရဲရိုးပြင်ကျေးရွာက နေအိမ် ၁၃၆ လုံး၊ ပေါက်တောမြို့နယ် မနော်သီရိကျေးရွာက နေအိမ် ၁၉ လုံး စုစုပေါင်း ၁၅၅ လုံးကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ဈေးက ဆိုင်ခန်းပေါင်း ၃၇၉ ခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်လက်၍ ရခိုင်ပြည်သူများကို စစ်ကောင်စီက AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခြင်း၊ ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးခြင်း၊ PDF နှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခြင်း၊ ဧည့်စာရင်းအကြောင်းပြ၍ ဖမ်းဆီးခြင်း၊ ညမထွက်ရ အမိန့်ကို အကြောင်းပြ၍ဖမ်းဆီးခြင်း၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခြင်းတို့ကို ပြုလုပ်နေသည်။

ဒီဇင်ဘာ ၁၁, ၁၂ နှစ်ရက်အတွင်း မြို့နယ် ၅ ခုမှ အရပ်သား ၆၀ ခန့်ကို စစ်ကောင်စီမှ ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော် AA က ယနေ့ ထုတ်ပြန်ထားပြီး တကျော့ပြန်တိုက်ပွဲစခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ယနေ့အချိန်အထိဆိုလျှင် ရခိုင်ပြည်သူ ၃၀၀ ဦးထက်နည်း ဖမ်းဆီးခံနေရကြောင်းနှင့် အချို့က ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *