တောင်ကြီး ပတ်စ်ပိုစ့်ရုံးမှာ တိုကင် ထုတ်မပေးတော့ဘဲ ပတ်စ်ပိုစ့် ပြုလုပ်သူတွေကို ငွေကျပ် ၃ သိန်း တောင်းခံနေ

ရှမ်းပြည်နယ်တောင်ကြီးမြို့၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး (ပတ်စ်ပိုစ့်ရုံး)မှာ ဂိတ်ပေါက်စောင့်တဲ့ ရုံးဝန်ထမ်း ၂ ဦးက ပတ်စ်ပိုစ့် လာရောက် ပြုလုပ်သူ အယောက်စီတိုင်းကို ငွေကျပ် ၃ သိန်း တောင်းခံခဲ့တယ်လို့ ပွဲစားနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မနေ့ (ဒီဇင်ဘာ ၂၇) မနက်ပိုင်းလောက်က ပတ်စ်ပိုစ့် ပြုလုပ်သူ ၇ ဦးကို တောင်းခံခဲ့တာ ဖြစ်ပြီး ၃ သိန်းကျပ် မပေးသူတွေကို ရုံးထဲ ဝင်ခွင့် မပေးခဲ့ဘူးလို့ ဆိုပါတယ်။

ပတ်စ်ပိုစ့် ကိုယ်တိုင်ပြုလုပ်သူ တစ်ဦးက “အိမ်ထောင်စုနဲ့ မှတ်ပုံတင်ပေး ဆိုပြီး အတင်းတောင်းတယ်။ ပတ်စ်ပိုစ့် လုပ်မယ်ဆိုရင် ၃ သိန်းပေးရမယ်။ မပေးနိုင်ရင် ပြန်လို့ ပြောတယ်။

ပေးမယ်ဆိုရင် ရုံးထဲဝင်ပြီး ချက်ချင်း လုပ်ပေးမယ်။ လိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်။ ဘာမှကို ထပ်မမေးတော့ဘူး။ အရင်ဆုံး ရုံးထဲဝင်ပြီး မေးကြည့်ဦးမယ် ဆိုလည်း လက်မခံဘူး။ ပွဲစားတော့ မဟုတ်ဘူး သေချာတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အရပ်ဝတ် အမျိုးသား ၄ ဦးကလည်း ရဲ ဖြစ်တယ်လို့ ဆိုကာ ဂိတ်စောင့်ဝန်ထမ်းတွေ ဘက်ကနေ ကူညီပြီး ခြိမ်းခြောက် ငွေတောင်းခံပေးခဲ့တယ်လို့ သူက ဆက်ပြောပြပါတယ်။

ပတ်စ်ပိုစ့် ပြုလုပ်သူတွေကို စက်တင်ဘာလ ၂၇ ရက်ကနေ အောက်တိုဘာလ ၆ ရက်နေ့အထိ တိုကင်တွေ ထုတ်ပေးခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ပွဲစားတွေပါမှ လုပ်ခွင့်ရတော့တယ်လို့ ဆိုပါတယ်။

ပတ်စ်ပိုစ့် ပြုလုပ်သူ နောက်တစ်ဦးကလည်း “မိုက်ကြေးခွဲပြီး တောင်းနေတာ။ တကယ်ရဲလည်း ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ကိုယ်က အရေးတကြီး လိုနေတာဆိုတော့လည်း ပေးလိုက်ပါတယ်။ မတတ်နိုင်ဘူးလေ ပွဲစားနဲ့လုပ်လည်း ဒီလောက် ကုန်ရမှာပဲ” လို့ ပြောပါတယ်။

ရုံးဝန်ထမ်းတွေ အနေနဲ့ အောက်တိုဘာလ နောက်ဆုံးအပတ်မှာ တိုကင် ယူထားသူတွေကိုလည်း အချိန်ဆွဲတာတွေ ပြုလုပ်နေပြီး ဒီနေ့ (ဒီဇင်ဘာ ၂၈) အထိ ပတ်စ်ပိုစ့် မရသေးတဲ့ လူတွေလည်း ရှိတယ်လို့ စုံစမ်း သိရပါတယ်။

လတ်တလောမှာ ပတ်စ်ပိုစ့် ပြုတဲ့ငွေကြေး အမြောက်အမြား ကုန်ကျနေတဲ့အပြင် ပြည်ပရောက် မြန်မာလုပ်သားတွေကိုလည်း ဝင်ငွေခွင့်ရဲ့ ၂ ရာခိုင်နှုန်း ပေးဆောင်မှသာ ပတ်စ်ပိုစ့် သက်တမ်း တိုးခွင့်ရမယ်လို့ စစ်ကောင်စီက သတ်မှတ်ထားတယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *