မန္တလေးမှာ စစ်အုပ်စု ဒု-ရဲအုပ် အမျိုးသမီးတစ်ယောက် ရဲစခန်းအနီးမှာ ပစ်သတ်ခံရ၊

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၈၀)နဲ့ (၂၉)လမ်းထောင့် အမှတ်(၈)ရဲစခန်းအနီးမှာ ဒီညနေပိုင်း စစ်အုပ်စု သစ္စာခံ ဒု-ရဲအုပ်အဆင့် ရဲမေတစ်ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ ဒီဇင်ဘာ(၂၉)ရက် ညနေ(၅)နာရီခွဲလောက်က ပစ်ခတ်မှု ဖြစ်ခဲ့တာ ဖြစ်ပြီး ရင်ဘတ်တစ်ချက်၊ လည်ပင်းတစ်ချက် ပစ်ခတ်ခံရကာ လူနာတင်ကားနဲ့ လာတင်သွားတယ်လို့ ဆိုပါတယ်။

“အမှတ်(၈)ရဲစခန်းက တစ်ပွင့်ဗိုလ်မ အပစ်ခံရတာ။ သူက မြို့ပေါ် ယာဉ်စစ်ရာတွေမှာ အမြဲပါတယ်တဲ့”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်သူက ဘာကြောင့်ပစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

“ယနေ့ညနေ (၅)နာရီဝန်းကျင်တွင် အိုးဘိုဘက်မှ ပြန်လာသည့် ဒုရဲအုပ် ရခမ တစ်ကောင်အား လမ်း (၈၀)၊ (၂၉)လမ်းပေါ်တွင် နှုတ်ခမ်းနီ ဆိုးပေးခြင်း ခံလိုက်ရကြောင်း သိရပြီး လူနာတင်ကား ရောက်လာကာ သယ်ဆောင်သွားကြောင်း သိရသည်။

ထိုကိစ္စနှင့် စပ်လျဥ်း၍ အနီးရှိ လူငယ်တစ်ဦးကိုလည်း ရိုက်နှက်ထိုးကြိတ်ကာ ဖမ်းစီးသွားကြောင်း သိရှိရသည်”လို့ မန္တလေး မြေပြင်ကင်းထောက်က ဖော်ပြပါတယ်။

ကနဦးက ဂျက်မ ဆိုတဲ့ ယာဉ်ထိန်းရဲမေ ပစ်ခတ်ခံရတာလို့ သတင်းထွက်ပေမယ့် ယာဉ်ထိန်းမဟုတ်ဘဲ အမှတ်(၈)ရဲစခန်းက ဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။

အမှတ်(၈)ရဲစခန်းဟာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မြို့မရဲစခန်း ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *