မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော်သိမ်းပိုက်

ရခိုင်ပြည်၊မြောက်ဦးမြို့နယ်၊မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်လိုက်ပြီဟု သတင်းရရှိသည်။

မြောက်ဦးမြို့နယ်၊မြောင်းဘွေရဲစခန်းကို ယနေ့ဒီဇင်ဘာ ၃၀ရက်‌ နေ့ နံနက် ၂နာရီခန့်ကပင် တပ်တော်က သိမ်းပိုက်လိုက်ပြီဟု ရက္ခိုင့်တပ်တော်နှင့်နီးစပ်သူ သတင်းအရင်းအမြစ်တစ်ခုကအတည်ပြု ပြောကြားသည်။

” ဒီမနက် ၄နာရီခွဲလောက်မှာ လက်နက်ပစ်ခတ်သံတွေတိတ်သွားတယ်။ အခု၈နာရီခွဲထိ။ မြောင်းဘွေဖက်ကို မြောက်ဦး၊ မင်းပြားဖက်က တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ပစ်ခဲ့တယ်။

မြောင်းဘွေရဲစခန်းမှာကျန်ရှိနေတဲ့ စစ်သားရဲသားတွေ ထွက်ပြေးတယ်။ သူတို့ တွက်ပြေးဖို့တွက် ဒီမြောက်ဦးနဲ့ မင်းပြားဖက်က ပစ်ပေးတာ။

သူတို့စွန့်ခွာသွားကတည်းက ၂နာရီလောက်ကတည်းက တပ်တော်ဖက်က သိမ်းလိုက်ပါပြီ။ အလောင်းတွေလည်း အများကြီးရထားတယ်” ဟုပြောသည်။

ယင်းအပြင် ရဲစခန်းတွင် ကျန်ရှိနေခဲ့သည် စစ်ကောင်စီ တပ်ဖွဲ့ဝင် အနည်းဆုံး ၉ဦးကိုလည်း ရက္ခိုင့်တပ်တော်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိရသည်။

“ အလင်းဝင်တယ်ပြောရမလား။ ထွက်ပြေးလို့မရလို့ ကျန်နေတယ်ပဲပြောရမလား။ မနိုင်တော့လို့ ကျန်တယ်ဘဲ ပြောရမလားမသိဘူး။ ၉ ယောက် စခန်းထဲမှာကျန်ခဲ့တယ်။ သူတို့ကတော့ လက်နက်ချတဲ့ သဘောမျိုးပါ” ဟုပြောသည်။

အဆိုပါ ထွက်ပြေးသွားသည့် စစ်ကောင်စီ၏ရဲနှင့်စစ်သားကို အရေတွက်အတိကျ မသိရသေးသော်လည်း ရွာအချို့ကိုဝင်ရောက်ပြီး လက်နက်များဖြင့် ဖြိုပစ်ခဲ့သည်ဟု မြောင်းဘွေဒေသခံတစ်ဦးကပြောသည်။

” ထွက်ပြေးသွားတဲ့ စစ်သားတွေက လေးနာရီလောက်မှာ ပီပင်ရင်း၊သရက်ချို မွတ်ဆလင်ရွာတွေကို ဝင်ပြီး သေနတ်တွေနဲ့ပစ်ခတ်ခဲ့တယ်။ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်တယ်။ အထိခိုက်တော့ မသိရသေးဘူး” ဟုပြောသည်။

မြောင်းဘွေရှိ ရဲစခန်းအမည်ခံ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် (AA )က ဒီဇင်ဘာ ၂၈ရက်နေ့ နံနက် ၆ နာရီ ခန့်မှစ၍ထိုးစစ်ဆင်တိုက်ခိုက်၍ ယနေ့ ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်သည့် ကိစ္စနှင့် ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ရန် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါသည်။

ဒီဇင်ဘာ ၂၈ ရက် မြောက်ဦးမြို့နယ် မြောင်းဘွေရဲစခန်းတိုက်ပွဲအတွင်း တိုက်ပွဲနှင့် မဆိုင်သည့် ကျေးရွာများအား စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဘ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် လူငယ် ၃ ဦး အပါအဝင် ၄ ဦးသေဆုံးပြီး ၁၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ကထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ စခန်ကြီး/စခန်းငယ်(၁၄၂)ခုကို ၁၀၂၇ စစ်ဆင်ရေး စတင်သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက် ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ရက်ပေါင်း (၄၅) ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့အထိ ဆိုလျှင် သိမ်းပိုက်နိုင်သည့် စခန်းမှာ ၁၅၀ ကျော်သွားပြီဟု သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *